အိမ်မွေးတိတွေနဲ့ သွားနိုင်တဲ့ ခရီးအမျိုးအစားတချို့

အိမ်မွေးတိတွေနဲ့ သွားနိုင်တဲ့ ခရီးအမျိုးအစားတချို့
Photo by Patrick Hendry / Unsplash

ပွင့်လင်းရာသီရောက်လာပြီဆိုတော့ တိချစ်သူတွေ ခရီးသွားကြတဲ့အခါ ကလေးတွေကို အိမ်မှာထားခဲ့ရမှာ စိတ်မချတာမျိုး ရှိကြမှာပါ။ ဒီဘက်ခေတ်မှာ တိလေးတွေကို ခရီးသွားအဖော်တွေ အဖြစ်တောင် မွေးကြတာမို့ တိတွေနဲ့ ခရီးသွားကြတာ ပုံမှန်လိုတောင်ဖြစ်နေပါပြီ။ ဒါ့ကြောင့် တိချစ်သူတွေအဆင်ပြေဖို့ အိမ်မွေးတိလေးတွေပါ ခေါ်သွားလို့ရတဲ့ ခရီးပုံစံတွေကို pet.com.mm ကနေ ဖော်ပြပေးချင်ပါတယ်။

1. ကမ်းခြေခရီး

ကမ်းခြေတော်တော်များများက တိလေးတွေခေါ်သွားလို့ ရတဲ့အတွက် ရိုးရှင်းပြီး ပြင်ဆင်ရလွယ်ကူတဲ့ ခရီးတစ်ခုပါ။ ခွေးလေးတွေ တော်တော်များများက ရေကြိုက်ကြတာမို့ ကမ်းခြေခရီးကို အရမ်းကြိုက်တတ်ကြပါတယ်။ မြန်မာနိုင်ငံတွင်းက ငွေဆောင်၊ ငပလီ၊ ချောင်းသာ နဲ့ ထားဝယ်က ကမ််းခြေတွေအပြင် နိုင်ငံတကာမှာလည်း ကမ်းခြေအလှတွေ အများကြီးရှိတာမို့ ပြည်တွင်းပြည်ပ နှစ်မျိုးလုံးအတွက် ရွေးချယ်စရာများတဲ့ နေရာတစ်ခုပါ။ ပြည်ပခရီးဆိုရင်တော့ နိိုင်ငံအလိုက် စည်းမျဥ်းစည်းကမ်းတွေ ရှိနိုင်တာမို့ မသွားခင် သေချာလေ့လာဖို့တော့ မမေ့နဲ့နော်။

ကမ်းခြေက ဟိုတယ်တွေကလည်း တော်တော်များများ တိခေါ်လို့ရတဲ့ ဟိုတယ်တွေမလို့ တိလေးတွေနဲ့ ထွက်ရတဲ့ ကမ်းခြေခရီးက အကောင်းဆုံးလို့တောင် ပြောနိုင်ပါတယ်။

2. တောင်တက်ခရီး

အပြင်ထွက်ရတာကြိုက်တဲ့ တိလေးတွေနဲ့ လှပတဲ့ တောင်တန်းတွေဆီသွားရတာလည်း ပျော်ဖို့ကောင်းတဲ့ ခရီးတစ်ခုဖြစ်မှာပါ။ အနီးအနားက ဧည့်ရိပ်သာ သို့ တိုက်အပုလေးတွေ ငှားပြီး ရှုခင်းတွေကြည့်တာ အေးဆေးနားတာမျိုး လုပ်နိုင်ပါတယ်။ တောင်တက်ခရီးသွားတာ၊ အမျိုးသား ပန်းခြံတွေ သွားလည်ပြီး ဓာတ်ပုံလှလှလေးတွေ ရိုက်ပြီး အမှတ်တရတွေလည်း ဖန်တီးလို့ရပါသေးတယ်။ တောင်တက်မယ်ဆိုရင်တော့ တိလေးတွေကို ရေများများတိုက်ပေးဖို့တော့ မမေ့စေချင်ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာဆို ကလော၊ ပြင်ဦးလွင် နဲ့ ဖားအံတွေက အေးမြတဲ့ ရာသီဥတု၊ လှပတဲ့ တောင်တန်းနဲ့ ရုက္ခဥယျာဥ်တွေအများကြီးရှိတာမို့ တိလေးတွေနဲ့ သွားလို့အဆင်ပြေတဲ့ နေရာတွေပါ။

3. မြို့ပြခရီး 

နယ်က တိချစ်သူတွေအတွက် ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ပြကြီးတွေဟာ တိလေးတွေနဲ့ ခရီးသွားနိုင်တဲ့ နေရာတွေပါ။ တိတွေ ခေါ်သွားလို့ရတဲ့ ပန်းခြံ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်လှလှလေးတွေနဲ့ ဟိုတယ်ရွေးချယ်စရာတွေ များတဲ့အတွက် လွယ်ကူအဆင်ပြေပါတယ်။ မြို့ပြတွေဖြစ်တဲ့အတွက် လူများတဲ့ နေရာတွေမှာ ပျောက်မသွားဖို့ လည်သိုင်းကြိုးသေချာတပ်ပေးဖို့ကိုတော့ သတိပြုစေချင်ပါတယ်နော်။

4. ကားမောင်းခရီး

သွားမယ့်နေရာကို ကိုယ်တိုင်ကားမောင်းသွားတာကလည်း တိလေးတွေနဲ့ သွားလို့ အဆင်ပြေတဲ့ ခရီးတစ်ခုပဲနော်။ လမ်းခရီးမှာ ရပ်ချင်တဲ့နေရာရပ်နိုင်တာကြောင့် ကိုယ့်စိတ်ကြိုက် တိလေးတွေအတွက် အဆင်ပြေစေမယ့် ခရီးစဥ်ဆွဲလို့ရပါတယ်။ ရန်ကုန်၊ မန္တလေးကနေ ပုဂံ၊ အင်းလေးတို့လို နေရာတွေကို ကားနဲ့ခရီးသွားမယ်ဆိုရင် လမ်းခရီးက ရှုခင်းလှတဲ့နေရာတွေမှာ ရပ်နားလို့ရတာကြောင့် တကယ်သွားမယ့် နေရာအပြင် တခြားနေရာတွေပါ လည်ပတ်နိုင်ပါသေးတယ်။ ဖားအံနဲ့ မော်လမြိုင်လို နေရာမျိုးတွေဆိုရင်လည်း ရှုခင်းလှလှတွေ၊ ဂူတွေနဲ့ မြစ်ကမ်းနားတွေများတာကြောင့် ကားမောင်းပြီး ခရီးသွားလို့ ကောင်းတဲ့ နေရာထဲမှာ ပါပါတယ်။

5. စခန်းချ ခရီး

အပြင်မှာ အေးဆေးနေရတဲ့ ခရီးဖြစ်တဲ့အတွက် တိလေးတွေအတွက် အဆင်ပြေတဲ့ ရွေးချယ်မှုတစ်ခုပါ။ ရွက်ဖျင်တဲနဲ့ စခန်းချရတာကြောင့် တိလေးတွေ ပြေးလွှားဆော့ကစားနိုင်ပြီး ငပလီကမ်းခြေ၊ လှော်ကားပန်းခြံ၊ ရှမ်းပြည်နယ်က တောင်တန်း စတဲ့ မတူညီတဲ့ နေရာတွေမှာ ထွက်နိုင်တဲ့ ခရီးဖြစ်တာကြောင့် စိတ်ကြိုက် ရွေးချယ်လျု့လည်းရပါသေးတယ်။ လှပတဲ့ သဘာဝရှုခင်းကို ခံစားနိုင်ပြီး ရွက်ဖျင်တဲ့နဲ့ အိပ်ရတာ၊ အစားအသောက်ကို ကိုယ်တိုင်ချက်ပြုတ်ရတာ စတဲ့ အတွေ့အကြုံသစ်တွေကို တိလေးတွေနဲ့အတူ ဖြတ်သန်းနိုင်ပါတယ်။ 

6. တစ်ရက်တာခရီး

ရက်ရှည်ခရီးမထွက်ချင်သူတွေအတွက် ညမအိပ်ဘဲ တစ်ရက်တာခရီးမျိုးသွားတာလည်း လုပ်နိုင်ပါတယ်။ အနီးအနားက ရေကန်၊ ကမ်းနား၊ တောင်တန်း လိုမျိုး သဘာဝရှုခင်း တွေ၊ လူလုပ်အပန်းဖြေနေရာ (resort) တွေမှာ တစ်ရက်တာ သွားပြီး အပန်းဖြေတာလည်း တိလေးတွေနဲ့ အမှတ်တရတွေ ဖန်တီးနိုင်တာမို အချိန်အများကြီးမရတဲ့ တိချစ်သူတွေအတွက် အကြံပြုပါတယ်နော်။

တိလေးတွေနဲ့ ခရီးသွားမယ်ဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ်

  • သူတို့ရဲ့ အစာ၊ ရေခွက်၊ အရုပ်နဲ့ ဆေးတွေကို မမေ့မလျော့ ယူသွားစေချင်ပါတယ်။ အချို့နေရာတွေမှာ တိတွေစားတဲ့ အစာတွေက ဝယ်ရခက်တာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြား ခရီးစဥ်သွားမယ်ဆိုရင် အရင်က ဆေးထိုးထားတဲ့ မှတ်တမ်းတွေကိုပါ ယူသွားရင် အကောင်းဆုံးပါ။
  • သွားမယ့်နေရာမှာရှိတဲ့ တိခေါ်နိုင်တဲ့ စားသောက်ဆိုင်၊ တည်းခိုခန်း၊ ပန်းခြံနဲ့ အပန်းဖြေနေရာတွေကို ကြိုတင်ရှာထားစေချင်ပါတယ်။ အဲ့ဒီနေရာတွေရဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ နိုင်ငံခြားခရီးဆိုရင် နိုင်ငံရဲ့ စည်းကမ်းနဲ့ ပေါ်လစီတွေကိုပါ သေချာလေ့လာထားဖို့ လိုပါတယ်။

ခရီးသွားနေစဥ် လမ်းခရီးမှာ တိလေးတွေကိုခြင်း၊ အိတ်တွေနဲ့ သေချာလုံခြုံအောင်ထားတာ၊ သွားတဲ့လာတဲ့အခါ လည်သိုင်းကြိုး သေချာပတ်ပေးတာတွေ လုပ်ပေးဖို့ မမေ့စေချင်ပါဘူး။ ခရီးစဥ်က သွားရတာကြာလို့ရှိရင် ကြားထဲမှာ ခဏနားပြီး မကြာမကြာ ခြေဆန့်လက်ဆန့် ပေးလုပ်တာမျိုး လုပ်ပေးပြီး ဂရုစိုက်ပေးဖို့လည်း လိုပါတယ်။

တိလေးတွေနဲ့ ခရီးသွားတာက အတွေ့အကြုံသစ်တွေလည်း ရသလို သူတို့လေးတွေနဲ့ အမှတ်တရတွေလည်း အများကြီး ဖန်တီးနိုင်ပါတယ်။ ဒါ့ကြောင့် မိမိကိုယ်တိုင်ရော တိအမျိုးအစားအလိုက် လိုက်ဖက် အဆင်ပြေစေမယ့် ခရီးတစ်ခုရွေးချယ်တဲ့အခါ အပေါ်က အကြံပြုချက်တွေက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ တိချစ်သူအားလုံး ချစ်ရတဲ့ တိလေးဆွေနဲ့ ပျော်စရာကောင်းပြီး လုံခြုံတဲ့ ခရီးတွေ ထွက်နိုင်ကြပါစေနော် …

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ