ဂျားဘီလ် နဲ့ ဟမ်းစတား ဘယ်လိုကွာလဲ?
အိမ်မွေးကြွက်တွေထဲ နာမည်ကြီးကြတဲ့ မျိုးစိတ်ထဲမှာ ဂျားဘီလ်နဲ့ ဟမ်းစတားတွေပါပါတယ်။ သူတို့ရဲ့ ပုံစံကြောင့် အတူတူလို့ ထင်တတ်ကြပေမယ့် ကွဲပြားတဲ့နေရာနဲ့ ပုံစံတွေအများကြီးပါ။ အကောင်သေးသေးမွေးရတာ ကြိုက်ကြတဲ့ တိချစ်သူတွေအတွက် ဂျားဘီလ်နဲ့ ဟမ်းစတား ဘယ်လိုကွာခြားလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
- အရွယ်အစားနဲ့ ခန္ဓာကိုယ်
- ဂျားဘီလ် အမျိုးအစားက ခန္ဓာကိုယ်ပိုရှည်ပြီး အမွေးတွေဖုံးထားတဲ့ အမြီးရှည်ရှည်ပါကြပါတယ်။ ခန္ဓာကိုယ်အရွယအစား (၄) လက်မ ကနေ (၅) လက်မအထိရှိပြီး အမြီးကတော့ (၃) လက်မ ကနေ (၄) လက်မအထိရှည်ပါတယ်။
- ဟမ်းစတားတွေက ဂျားဘီလ်တွေနဲ့ ယှဥ်ရင် ပိုသေးပြီး လုံးတဲ့ ခန္ဓာကိုယ်ရှိကြပါတယ်။ အမြီးပါပေမယ့် အရမ်းတိုတာကြောင့် မမြင်မိုင်ပါဘူး။ အရွယ်အစားအနေနဲ့ မျိုးစိတ်ကွဲတွေကို လိုက်ပြီး (6) လက်မ အရွယ်ထိ ရှိကြပါတယ်။
- မျိုးစိတ်နှစ်ခုလုံးမှာ အရောင်နဲ့ ပုံစံ မျိုးစုံရှိကြပေမယ့် ဂျားဘီလ်တွေက တိုပြီး ချောမွတ်တောက်ပြောင်တဲ့ အမွေးမျိုးရှိပြီး ဟမ်းစတားတွေက ထူပြီးပွတဲ့ အမွေးမျိုးရှိကြပါတယ်။
- ဒါ့ကြောင့် အမြီးရှည်ရင် ဂျားဘီလ် ဖြစ်ပြီး မပါရင် ဟမ်းစတားလို့ အလွယ်ခွဲလို့ရပါတယ်။ ဂျားဘီလ်တွေအတွက် အမြီးရှည်က လှုပ်ရှားတဲ့အခါ ဟန်ချက်ညီအောင်ထိန်းပေးပြီး ဟမ်းစတားတွေမှာတော့ အမြီးက အရမ်းတိုတဲ့အတွက် ဘာမှမလုပ်ဆောင်ပေးပါဘူး။
- အကျင့်စရိုက်နဲ့ အလေ့အထ
- ဂျားဘီလ်တွေက မျိုးတူ အခြားကြွက်တွေနဲ့ နေထိုင်ချင်ကြပါတယ်။ လှောင်အိမ်တစ်ခုတည်းမှာပဲ အတူထားလို့ရပြီး တစ်ကောင်တည်းနေရတာထက် အဖွဲ့အစုလိုက် နေရတာကို ပိုကြိုက်ပါတယ်။
- ဟမ်းစတားတွေကတော့ တစ်ကောင်တည်း နေရတာကို ပိုသဘောကျကြပါတယ်။ အထူးသဖြင့် ဟမ်းစတားမျိုးစိတ်အကြီးတွေက တစ်ကောင်တည်းပိုနေချင်ကြပြီး အတူထားလို့ရှိရင် နေရာလုပြီး ရန်လိုတဲ့ ပြဿနာမျိုးတွေ ဖြစ်နိုင်ပါတယ်။
- ဂျားဘီလ်တွေက နေ့ဘက်မှာ လှုပ်လှုပ်ရှားရှားနေတတ်ကြတဲ့ မျိုးစိတ်ပါ။ ဒါ့ကြောင့် ညဘက်တိတ်ဆိတ်တာကို ကြိုက်သူတွေ မွေးတတ်ကြပါတယ်။ သူတို့က လှုပ်ရှားသွားလာရတာကို ကြိုက်ကြပြီး မြေတွင်း၊ လိုဏ်ခေါင်းလိုမျိုး တူးရတာကြိုက်တဲ့ ကြွက်တွေပါ။
- ဂျားဘီလ်နဲ့ ဆန့်ကျင်ဖက် ဟမ်းစတားတွေကတော့ ညဘက်မှာ လှုပ်ရှားသွားလာရတာ ကြိုက်ကြသူတွေပါ။
- ဂျားဘီလ်တွေက သိလိုစိတ်များတာကြောင့် ပတ်ဝန်းကျင်ကို စိတ်ဝင်စားတတ်ပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံရတာ ကြိုက်ကြပါတယ်။ ဟမ်းစတားတွေနဲ့ ယှဥ်ရင် ယဥ်ပါးဖို့ ပိုလွယ်ပြီး ကိုင်တွယ်လို့ ပိုလွယ်ပါတယ်။
- ဟမ်းစတားတွေက ဂျားဘီလ်တွေလောက်တော့ လူတွေနဲ့ ရင်းနှီးမလွယ်ပါဘူး။ ဒါပေမယ့် အချိန်တစ်ခုကြာတဲ့အခါ သူတို့လည်းပဲ လူခင်တတ်ကြတဲ့ တိလေးတွေပါ။
- ဂျားဘီလ်တွေက ဟမ်းစတားတွေထက် ပိုပြီး အသက်ရှည်ပါတယ်။ သက်တမ်း (၃) နှစ်ကနေ (၅) နှစ်အထိ နေနိုင်ပြီး ဟမ်းစတားတွေကတော့ များသောအားဖြင့် (၂) နှစ်ကနေ (၃) နှစ်အထိ နေနိုင်ကြပါတယ်။
- မွေးဖို့လိုအပ်ချက် ကွာခြားမှု
- ဂျားဘီလ်တွေအတွက် တူးဖို့ဆွဖို့ နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ ခြံမျိုးလိုပါတယ်။ တူးလို့ရတဲ့ မြေကြီးအဆင့်ဆင့်ပါတဲ့ ခြံ ဒါမှမဟုတ် ကန်မျိုးက သူတို့အတွက် အသင့်တော်ဆုံးပါ။
- ဟမ်းစတားတွေလည်းပဲ ကျယ်ဝန်းတဲ့ လှောင်အိမ်မျိုးနဲ့ လေ့ကျင့်ခန်းလုပ်ဖို့အတွက် လှည့်ဘီး လိုအပ်ပါတယ်။ မြေကြီးက ဂျားဘီလ်တွေအတွက်လောက် အထူကြီးမလိုပေမယ့် သူတို့လည်း လုဏ်ခေါင်းနဲ့ ပုန်းလို့ရတဲ့ နေရာတွေ သဘောကျကြပါတယ်။
- မျိုးစိတ်နှစ်ခုလုံးက အစာခြောက်၊ အသီးအရွက်တွေ စားကြပေမယ့် ဂျားဘီလ်တွေက အဆီများများမစားနိုင်တာကြောင့် အဆီပါဝင်မှုများတဲ့ နေကြာစေ့လိုမျိုး မကျွေးသင့်ပါဘူး။
- ဒါပေမယ့် ဟမ်းစတားတွေကတော့ အဆီပိုစားလို့ရတာကြောင့် အစေ့အဆံတွေ ပိုကျွေးပေးလို့ရပါတယ်။
ဂျားဘီလ်ရော ဟမ်းစတားရော နှစ်မျိုးလုံး ချစ်ဖို့ကောင်းပြီး မွေးလို့အဆင်ပြေတဲ့ တိလေးတွေပါ။ ပုံစံဆင်တူပေမယ့် ကွာခြားတဲ့နေရာတွေရှိတာကြောင့် အကောင်သေးသေးမွေးချင်သူတွေ ကိုယ်နဲ့ပိုအဆင်ပြေမယ့် မျိုးစိတ်ကို ရွေးချယ်လို့ရတယ်နော်။