ဟမ်းစတားလေး ကျန်းမာဖို့ ဘာတွေကျွေးရမလဲ?

ဟမ်းစတားလေး ကျန်းမာဖို့ ဘာတွေကျွေးရမလဲ?
Photo by Yuri Fu / Unsplash

အကောင်သေးသေးနဲ့ ချစ်ဖို့ကောင်းပြီး မွေးရလွယ်ကူတဲ့ ဟမ်းစတားတွေဟာ တိချစ်သူတွေ အမွေးများဆုံးထဲက တစ်ခုဖြစ်တဲ့ တိလေးတွေပါ။ သူတို့ သက်တမ်းတစ်လျှောက် ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်ဖို့ သင့်တင့်မျှတပြီး အာဟာရပြည့်ဝတဲ့ အစားသောက်မျိုး လိုအပ်ပါတယ်နော်။ ဒါ့ကြောင့် ဟမ်းစတားတွေ စားလို့ရတဲ့ အစားအစာနဲ့ မရတာတွေကို တိချစ်သူတွေအတွက် တစ်ခုချင်းဖော်ပြပေးချင်ပါတယ်။

1. အခြေခံ လိုအပ်တဲ့ အစာ

  • အစာခြောက်နဲ့ အစေ့တွေဟာ သူတို့ အဓိကစားတဲ့ အစာဖြစ်သင့်ပါတယ်။ ဟမ်းစတားတွေအတွက် သီးသန့်ထုတ်ထားတဲ့ အစာခြောက်ဟာ သူတို့အတွက် လိုအပ်တဲ့ အာဟာရတွေ ပါဝင်အောင် ထုတ်လုပ်ထားတာမို့ အဲ့လိုအမျိုးအစားကို ရွေးဝယ်စေချင်ပါတယ်။ 
  • အစာခြောက်နဲ့ အစေ့အစာကို တစ်နေ့ စားပွဲတင်ဇွန်း (၁) ဇွန်းကနေ (၂)ဇွန်းအထိ ကျွေးစေချင်ပါတယ်။ ဒါပေမယ့် ဟမ်းစတားရဲ့ အရွယ်အစားနဲ့ လှုပ်ရှားမှု အပေါ်မှာ မူတည်ပြီး ပမာဏ ကွာခြားနိုင်ပါတယ်။

2. လတ်ဆတ်တဲ့ အသီးအရွက်

ဟမ်းစတားတွေအတွက် သင့်တင့်မျှတတဲ့ အာဟာရ ရရှိဖို့ လတ်ဆတ်တဲ့ အသီးအရွက်တွေ ကျွေးပေးလို့ရပါတယ်။ ဟမ်းစတားတွေ စားလို့ရတဲ့ အသီးအရွက်တချို့ကတော့

  • မုန်လာဥ
  • ပန်းပွင့်စိမ်း
  • သခွါးသီး
  • ဒေါက်ခွ၊ မုန်ညင်း နဲ့ ကိုက်လန် (အရွက်စိမ်းတွေဆိုရင် အနည်းငယ်သာ ကျွေးပေးပါ)
  • ငရုတ်ပွ တို့ဖြစ်ပါတယ်။

အသီးအရွက်တွေ စစကျွေးစမှာ အစာအိမ်ပြဿနာတွေကနေ ကာကွယ်ဖို့ ပမာဏအနည်းငယ်သာ အရင်ကျွေးပြီး ဖြည်းဖြည်းချင်း တိုးသွားနိုင်ပါတယ်။

ဟမ်းစတားတွေက အသီးစားရတာကြိုက်ကြပေမယ့် သကြားပါဝင်မှု များတာကြောင့် လျှော့လျှော့ပေါ့ပေါ့သာ ကျွေးပေးသင့်ပါတယ်။

  • ပန်းသီး (အစေ့မပါ)
  • ဘလူးဘယ်ရီ (အစေ့မပါ)
  • ငှက်ပျောသီး စတာတွေ ကျွေးပေးနိုင်ပါတယ်။ တစ်ခု သတိထားစေချင်တာကတော့ သူတို့ကျန်းမာရေးအတွက် အသီးတွေကို တစ်ပတ်ကို တစ်ခါကနေ နှစ်ခါကနေအထိသာ ကျွေးစေချင်ပါတယ်။

3. ပရိုတင်းဓာတ်ပါတဲ့ အစားအစာ

ဟမ်းစတားတွေက အစုံစားတဲ့ တိတွေဖြစ်တာကြောင့် ကျန်းမာဖို့ ပရိုတင်းဓာတ်လည်း လိုအပ်ပါတယ်။ ဟမ်းစတားတွေ စားလို့ရတဲ့ ပရိုတင်းအစာတချို့ကတော့

  • ကြက်ဥပြုတ်
  • ပိုးကောင် (mealworm)
  • ချက်ပြုတ်ထားတဲ့ ကြက်သား (အရသာမပါ) တို့ဖြစ်ပါတယ်။

4. အစေ့အဆံ

အရသာလည်းရှိပြီး အာဟာရပြည့်ဝတာမို့  အစေ့အဆံတွေဟာ ဟမ်းစတားတွေ အကြိုက်ပါ။

  •  နေကြာစေ့ (အဆီပါဝင်မှုများတာကြောင့် သွားရည်စာ အနေနဲ့သာကျွေးသင့်ပါတယ်)
  • ဖရုံစေ့ (တစ်ရက်ကို တစ်ခုကနေ နှစ်ခုအထိ ကျွေးပေးနိုင်ပါတယ်)
  • မက်မွန်စေ့ (ခါးတဲ့ မက်မွန်စေ့ မဖြစ်ရပါ။ အနည်းငယ်သာ ကျွေးပေးပါ)

5. ဂျုံ၊ စပါး

ဂျုံ၊စပါး စတဲ့ အစေ့အဆံတွေဟာလည်း ဟမ်းစတားတွေအတွက် အာဟာရပြည့်ဝဖို့ အကူအညီပေးပါတယ်။

  • အုတ်ဂျုံ
  • ဆန်လုံးညို
  • ပေါင်မုန့်နဲ့ ဘီစကွပ်အကြွပ် စတာတွေ ကျွေးပေးနိုင်ပါတယ်။

ရှောင်ရှားသင့်တဲ့ အစာတွေ

တချို့အစားအစာတွေက ဟမ်းစတားတွေအတွက် အန္တရာယ်ဖြစ်စေပြီး အဆိပ်ပါဖြစ်စေနိုင်တဲ့အတွက် လုံးဝမကျွေးသင့်ပါဘူး။ 

  • လိမ္မော်သီး၊ သံပုရာ၊ သံပုရိုသီး စတာတွေက ဟမ်းစတားတွေအတွက် အက်ဆစ်ဓာတ် အလွန်များပါတယ်။
  • ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေ စားမိရင် အစာအိမ်ပြဿနာတွေနဲ့အတူ အဆိပ်တောင် ဖြစ်နိုင်ပါတယ်။
  • ဟမ်းစတားတွေလည်း ခွေး၊ကြောင်၊ ယုန်တွေလိုပဲ ချောကလက်နဲ့ မတည့်ပါဘူး။
  • အာလူးအစိမ်းစားမိရင်လည်း အဆိပ်ဖြစ်တတ်ပါတယ်။
  • ပြုပြင်ထားတဲ့ အစားအစာတွေ၊ သကြားပါပြီး အချိုကဲတဲ့ အစာမျိုးတွေက အဝလွန်ခြင်းနဲ့ အခြားကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တာကြောင့် မကျွေးသင့်ပါဘူး။

ကဲ … ဒါဆိုရင် ဟမ်းစတားတွေအတွက် ကျွေးသင့်တဲ့အစာ အာဟာရတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိသွားကြပြီလို့ထင်ပါတယ်။ ဟမ်းစတားတွေဟာ သွက်လက်ပြီး ဆော့ကစားရတာကြိုက်တဲ့အတွက် ရေကို အလုံအလောက်တိုက်ဖို့လည်း မမေ့စေချင်ပါဘူး။ သင့်တင့်မျှတပြီး သန့်ရှင်းမှုရှိတဲ့ အစာနဲ့ ဂရုစိုက်မှုတွေရှိရင် ဟမ်းစတားတွေလည်း သက်တမ်းစေ့ ကျန်းကျန်းမာမာနေနိုင်တာကြောင့် ဒီအချက်လေးတွေနဲ့ အစာကို ဂရုတစိုက် ကျွေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ