ဟမ်းစတားတွေကို ရေချိုးပေးလို့ရလား?
ချစ်ဖို့ကောင်းပြီး မွေးရလည်းလွယ်တဲ့ ဟမ်းစတားလေးတွေက လူကြိုက်အများဆုံး တိလေးတွေထဲက တစ်ခုပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ဟမ်းစတားတွေကို သန့်ရှင်းရေးလုပ်ပေးတဲ့အခါ ရေချိုးပေးဖို့ လိုမလို ဒွိဟဖြစ်တတ်ကြပါတယ်။ ညစ်ပတ်နေတဲ့အခါ ရေချိုးပေးတာ သဘာဝကျတဲ့ အဖြေတစ်ခုလို့ထင်ရပေမယ့် အမှန်တကယ်တော့ ရေချိုးပေးတာက ကောင်းတာထက် ဆိုးတာပိုများပါတယ်။ ဒါဆိုရင် ဟမ်းစတားတွေကို ရေချိုးပေးခြင်းရဲ့ ကောင်းကျိုုး၊ ဆိုးကျိုးတွေနဲ့ ရေချိုးတာအစား သန့်ရှင်းရေးအတွက် ဘာတွေ လုပ်ပေးလို့ရလဲဆိုတာ တစ်ခုချင်း ပြောပြပေးသွားမှာမလို့ အဆုံးထိ ဖတ်ကြည့် လိုက်ရအောင်နော် …
ဟမ်းစတားတွေကို ဘာလို့ ရေမချိုးပေးသင့်တာလဲ?
များသောအားဖြင့် ဟမ်းစတားတွေကို ရေလောင်းပြီး ချိုးပေးတာမျိုး ရှောင်ရှားသင့်ပါတယ်။ ဟမ်းစတားတွေက ကြောင်တွေလိုပဲ ကိုယ့်ဟာကိုယ် သန့်ရှင်းရေးလုပ်တတ်ကြပါတယ်။ ဒါ့အပြင် ရေနဲ့လောင်းတာက သူတို့အမွှေးကျန်းမာဖို့နဲ့ အအေးဒဏ်ကနေ ကာကွယ်ပေးတဲ့ သဘာဝအဆီတွေကို လုံးဝ ဖယ်ရှားလိုက်သလို ဖြစ်တာကြောင့် ရေချိုးပေးလို့ မသင့်တော်ပါဘူး။ ပြီးတော့ ရေနဲ့ လောင်းချလိုက်တဲ့အခါ ဟမ်းစတားတွေအတွက် စိတ်ဖိစီးမှု ဖြစ်စေနိုင်ပြီး ဖျားတာ၊ ကိုယ်ပူချိန် အလွန်အမင်း ကျဆင်းတာတွေ ဖြစ်တတ်ပါသေးတယ်။
ဒါဆိုရင် ရေမချိုးပေးလို့ မရတဲ့ အခြေအနေတွေဆိုရင်ရော?
အမှန်တကယ် ရေချိုးပေးတာက အပေါ်က ပြောခဲ့တဲ့ အချက်တွေကြောင့် မကောင်းပေမယ့် တချို့ မဖြစ်မနေ လုပ်ပေးရမယ့် အခြေအနေတွေတော့ ရှိပါတယ်။
- အဆိပ်ရှိတဲ့ ပစ္စည်းတွေနဲ့ ထိမိတဲ့အခါ: ဟမ်းစတားတွေက အဆိပ်ရှိတဲ့ပစ္စည်း ဒါမှမဟုတ် စေးကပ်တဲ့ ပစ္စည်း တစ်ခုခုနဲ့ ထိမိတဲ့အခါမျိုးဆိုရင် ထိမိတဲ့နေရာကို ရေလောင်းပြီး ဖြည်းဖြည်းချင်း သုတ်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ကိုယ်လုံးကို ရေနဲ့ လောင်းချတာမျိုးကိုတော့ မလုပ်စေချင်ပါဘူး။
- အညစ်အကြေး တစ်ခုခု ပေတဲ့အခါ: ရံဖန်ရံခါ ဟမးစတားတွေက အညစ်အကြေးနဲ့ သူတို့ဘာသာ သန့်ရှင်းရေး လုပ်မရတဲ့ အရာတစ်ခုခု ပေလာတဲ့အခါမျိုးဆိုရင်တော့ ရေစိုဝတ်နဲ့ သုတ်ပေးနိုင်ပါတယ်။
ရေချိုးတာမဟုတ်ဘဲ သန့်ရှင်းရေး ဘယ်လိုလုပ်ပေးလို့ရလဲ?
သဲနဲ့ ရေချိုးပေးခြင်း
သဲနဲ့လူးပြီး သန့်ရှင်းရေးလုပ်တာဟာ ဟမ်းစတားတွေရဲ့ သဘာဝ သန့်ရှင်းရေးလုပ်နည်းတစ်ခုပါ။ သဲဆိုပေမယ့်လည်း အိမ်ဆောက်သဲမျိုးမဟုတ်ဘဲ ချင်ချေလာသဲမျိုးကို ပန်းကန်လုံးထဲထည့်ပေးပြီး ဟမ်းစတားကို သန့်ရှင်းရေးလုပ်ပေးလို့ ရပါတယ်။ ဒီလိုလုပ်ပေးတာက အမွေးထဲက အညစ်အကြေးတွေကို သန့်စင်စေပြီး သဲက ရေလိုမျိုး လိုအပ်တဲ့ အဆီတွေကို အကုန်ပါမသွားစေပါဘူး။ Roborovski မျိုးစိတ်လို သဘာဝအတိုင်း သဲနဲ့ သန့်ရှင်းရေးလုပ်တတ်ကြတဲ့ ဟမ်းစတားတွေအတွက်ဆို ပိုပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။
ဟမ်းစတားကို ရေချိုးပေးဖို့မလိုဘဲ သန့်ရှင်းအောင်
- လှောင်အိမ်နဲ့ အိပ်ရာတွေကို ပုံမှန် သန့်ရှင်းရေးလုပ်ပေးတာ
- အညစ်အကြေး တစ်ခုခု ပေသွားရင် ရေစိုဝတ်၊ တစ်ရှူးအစို (ဓာတုပစ္စည်းမပါသော) မျိုးနဲ့ ပေတဲ့ နေရာကိုပဲ သုတ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။
- တကယ်လို့ ရေသုံးမယ်ဆိုရင်လည်း တစ်ကိုယ်လုံးမြှပ်အောင် နှစ်တာ၊ ခေါင်းပေါ်ကနေ ရေလောင်းတာမျိုး မလုပ်သင့်ပါဘူး။
- ဘယ်လိုနေရာမဆို ရေနဲ့ သန့်ရှင်းပြီးသွားရင် ခြောက်နေအောင် သုတ်ပြီး နွေးထွေးအောင် ထားပေးရပါမယ်။
- သန့်ရှင်းရေးလုပ်ပေးခဲ့အခါတိုင်း ဟမ်းစတား စိတ်ဖိစီးမှုမဖြစ်အောင် ညင်ညင်သာသာပဲ ကိုင်တွယ်သင့်ပါတယ်။