ကျေးကျုတ်ငှက်တွေ အာဟာရပြည့်ဝဖို့ ဘာတွေကျွေးသင့်?
ကျေးကျုတ်ငှက် (parakeet) အရွယ်အစားသေးပြီး လူခင်တတ်ကြတဲ့ ငှက်မျိုးစိတ်တစ်ခုပါ။ မြန်မာငှက်ချစ်သူတွေကြားထဲ နာမည်ကြီးတဲ့ မျိုးစိတ်တစ်ခုဖြစ်ပြီးတော့ အမွေးများကြပါတယ်။ အရွယ်သေးပေမယ့် အခြားအိမ်မွေးတိတွေလိုပဲ သူတို့မှာလည်း လိုအပ်တဲ့ အာဟာရနဲ့ အစာလုံလောက်အောင် စားမှသာ သက်တမ်းစေ့နေနိုင်မှာပါ။
“ကျေးကျုတ်ငှက်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရများ”
သူတို့ရဲ့ သွက်သွက်လက်လက်ရှိတဲ့ သဘာဝအတွက် အာဟာရ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အစုံပါဝင်တဲ့ အစားအသောက်တွေ လိုအပ်ပါတယ်။
- အစေ့အဆံ - သဘာဝတောထဲမှာ နေစဥ်က ကျေးကျုတ်ငှက်တွေရဲ့ အဓိက အစာက အစေ့အဆံတွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခုတည်း ကျွေးရင်တော့ အာဟာရမပြည့်ဝတာမျိုး ဖြစ်နိုင်တဲ့အတွက် အခြားအစားအသောက်တွေပါ ရောကျွေးပေးဖို့လိုပါတယ်။
- အစာခြောက် - သဘာဝအစာတော့မဟုတ်ပေမယ့် ငှက်တွေအတွက် လိုအပ်တဲ့ အာဟာရတွေပါဝင်တာကြောင့် ကျေးကျုတ်ငှက်တွေအတွက် လိုအပ်တဲ့ အာဟာရတော်တော်များများကို ပေးနိုင်ပါတယ်။
- သစ်သီးနဲ့ အရွက် - ကျေးကျုတ်ငှက်တွေကို ပန်းသီး(အစေ့မပါ)၊ မုန်လာဥ၊ အရွက်စိမ်း နဲ့ ဘယ်ရီသီးတွေ ကျွေးလို့ရပါတယ်။ ဒီလိုလတ်ဆတ်တဲ့ အသီးအနှံနဲ့ အရွက်တွေဟာလည်း သူတို့အစာကို မျှတစေပြီး အာဟာရဖြစ်စေမှာပါ။
- ပရိုတိန်းကြွယ်တဲ့ အစာ - ရံဖန်ရံခါ ကြက်ဥပြုတ်နဲ့ ပဲတောင့်ရှည် လိုမျိုး ပရိုတင်းဓာတ်ပါတဲ့ အစားအသောက်မျိုး ကျွေးပေးဖို့လည်း လိုပါတယ်။
- ကယ်လ်ဆီယမ် နဲ့ သတ္တုဓာတ် - ငှက်တွေအတွက် ထုတ်ထားတဲ့ ဗီတာမင်အတုံး (သို့) ရေမြှပ်လိုမျိုး ကယ်လ်ဆီယမ်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ကျွေးပေးတာက အရိုးကျန်းမာရေးနဲ့ သားမွေးမယ့် အမတွေအတွက် အထူးကောင်းမွန်ပါတယ်။
“ဒီအစာတွေကို ဒီလို အချိုးကျကျ ကျွေးမယ်”
ကျေးကျုတ်ငှက်တွေအတွက် အာဟာရလည်းရှိပြီး အချိုးလည်းကျတဲ့ တစ်ရက်တာအစာက ဒီလိုဖြစ်သင့်ပါတယ်။
- 50-60% အစာခြောက်
- 20-30% အသီးအရွက်
- 10-20% အစေ့အဆံ
- ကယ်လ်ဆီယမ်ဖြည့်စွက်စာ အနည်းငယ်
ဒါပေမယ့် ကျေးကျုတ်ငှက်တွေကို အသီးအရွက်အကုန်လုံး ကျွေးလို့မရတာကြောင့် ဆောင်ရန်ရှောင်ရန်လေးတွေ ကြည့်ကြမယ်နော်။
“စားလို့ရတဲ့ အသီးအရွက်များ”
- ပန်းသီး (အစေ့မပါ)၊ ငှက်ပျော်သီး၊ ဘယ်ရီသီး၊ ဖရဲသီး၊ သခွားမွေးသီး၊ သစ်တော်သီး
- မုန်လာဥ၊ ဒေါက်ခွ၊ ပန်းပွင့်စိမ်း၊ ကိုက်လန်၊ ငရုတ်ပွ
အစေ့ပါတဲ့ အသီးအရွက်တိုင်းကို အစေ့တွေ အကုန်ထုတ်ပြီးမှ ကျွေးသင့်ပါတယ်။ အစေ့တချို့က ငှက်တွေအတွက် အဆိပ်ဖြစ်နိုင်တာကြောင့်ပါ။
“စားလို့မရတဲ့ အစာများ”
- ထောပတ်သီး
- ချောကလက်
- ကဖင်း (ကော်ဖီ၊ လက်ဖက်ရည်)
- ကြက်သွန်နီ၊ ကြက်သွန်ဖြူ
- အရက်
- အဆီနဲ့ သကြားများတဲ့ အစာ
နောက်တစ်ခုမမေ့စေချင်တာက သန့်ရှင်းတဲ့ သောက်ရေအလုံအလောက်ထားပေးဖို့ပါပဲ။ ကျေးကျုတ်ငှက်တွေက ရေဓာတ်ပြည့်ဝနေဖို့လိုတာမို့ နေ့စဥ်ရေလုံလုံလောက်လောက် သောက်ဖို့လိုပါတယ်။ ဒါ့ကြောင့် သောက်ရေကို လုံလောက်အောင်ထားဖို့လိုတဲ့အပြင် သောက်ရေထည့်တဲ့ ခွက်၊ ပန်းကန်ကိုလည်း ဘက်တီးရီးယားပိုးတွေ မပေါက်အောင် အမြဲဆေးကြောပေးပါနော်။