ကြောင်လေး ဘာကြောင့် ပစ္စည်းတွေ တွန်းချရတယ်
ကြောင်မမွေးဖူးရင်တောင် အင်တာနက်ပေါ်က ဗီဒီယိုတွေမှာ ကြောင်တွေ အမြင့်ပေါ်က ပစ္စည်းတွေကို တွန်းချတာမျိုး မြင်ဖူးကြမယ်ထင်ပါတယ်။ ရယ်လည်းရယ်ရသလို တစ်ခါတစ်ရံ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ တွန်းချတာမျိုးဆိုရင် ကြောင်ပိုင်ရှင်တွေအနေနဲ့ ဒေါသထွက်ရတာမျိုးလည်း ဖြစ်ဖူးကြမှာပါ။ ဒီလို ကြောင်တွေရဲ့ ပစ္စည်းတွေ တွန်းချတတ်တဲ့ အကျင့်နောက်ကွယ်မှာ အကြောင်းပြချက်တစ်ချို့ ရှိပါတယ်။ ဒါဆိုရင် အဲ့ဒီအကြောင်းပြချက်တွေနဲ့ ဘယ်လို ကာကွယ်လို့ရလဲ ပြောပြပေးသွားမယ်နော်။
“ကြောင်တွေက ဘာလို့ ဒီလိုပစ္စည်းတွေ တွန်းချရတာလဲ?”
- သဘာဝရဲ့ အမဲလိုက်လိုစိတ်
ကြောင်တွေက သဘာဝမှာ အမဲလိုက်ကြတဲ့ တိတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရတာ ကြိုက်ကြပြီး ပစ္စည်းတွေက သူတို့အတွက် သားကောင်ဟုတ်မဟုတ် ထိကြည့်တာ၊ တွန်းချတာမျိုး လုပ်ပြီး သက်ရှိဟုတ်မဟုတ် စမ်းသပ်ကြတာ ဖြစ်ပါတယ်။
- ဂရုစိုက်ခံလိုခြင်း
ကြောင်တွေက ဒီလို အပြုအမူမျိုးလုပ်ရင် ပိုင်ရှင်တွေဆီက အာရုံစိုက်ခံရတယ်ဆိုတာ သိပါတယ်။ ဒါ့ကြောင့် သူတို့ကို ပစ်ထားတယ်လို့ ခံစားရရင် ပစ္စည်းတွေတွန်းချပြီး ပိုင်ရှင်ရဲ့ အာရုံစိုက်မှုကို ရယူကြတာပါ။
- စူးစမ်းလိုစိတ်
ကြောင်တွေက သဘာဝအတိုင်း စူးစမ်းစပ်စုလိုစိတ်များတဲ့ တိတွေပါ။ ပစ္စည်းတစ်ခုရဲ့ အလေးချိန်၊ ပုံစံစတာတွေကို နားလည်လိုစိတ်ရှိတာကြောင့် ဒီလိုလုပ်ကြတာဖြစ်ပါတယ်။ လူတွေလို ဆုပ်ကိုင်နိုင်တဲ့ လက်ချောင်းတွေ မရှိတာကြောင့် တွန်းချသလို ဖြစ်တာပါ။
- ပျင်းတဲ့စိတ်
ဆော့ကစားဖို့ အရုပ်နဲ့ စိတ်ပျော်ဖို့ လုပ်စရာမရှိရင် ကြောင်တွေက ပျင်းပြီး ဒီလို ပစ္စည်းတွေ လိုက်တွန်းတာမျိုး လုပ်ကြပါတယ်။ အသက်ငယ်သေးတဲ့ ကြောင်လေးတွေနဲ့ တချို့ သွက်လက်လှုပ်ရှားလိုတဲ့ မျိုးစိတ်တွေမှာ ဒီလိုအပြုအမူမျိုး ပိုတွေ့နိုင်ပါတယ်။
- ဆော့ကစားခြင်း
တချို့ကြောင်တွေမှာ ဒီလိုလုပ်တာဟာ ဒီတိုင်းဆော့ကစားရုံသက်သက်သာဖြစ်ပါတယ်။ ပစ္စည်းတွေကို အရုပ်၊ကစားစရာလို့မြင်ပြီး ပြုတ်ကျသွားတဲ့အခါ အသံထွက်တာကို ကြိုက်နှစ်သက်လို့ လုပ်ကြတာပါ။
“ပစ္စည်းတွေ မတွန်းချအောင် ဘာလုပ်ပေးလို့ရလဲ?”
ဒီလိုအပြုအမူဟာ သူတို့ရဲ့ သဘာဝဖြစ်တာကြောင့် လုံးဝရပ်တန့်သွားအောင် လုပ်လို့မရပါဘူး။ ဒါပေမယ့် ခဏခဏ လုပ်တာမျိုးမဖြစ်အောင် အောက်ကအချက်တွေနဲ့ ကာကွယ်နိုင်ပါတယ်။
- ဆော့ကစားစရာ များများထားပေးပါ
- ဆော့ဖို့နေရာသက်သက်တစ်ခု ပြုလုပ်ပေးပါ
- ပစ္စည်းတွန်းချတဲ့အခါ ဂရုစိုက်မှုမပေးပါနဲ့
- စားပွဲနဲ့ အမြင့်တွေပေါ်မှာ နှစ်ဘက်ကပ်တိပ် (Tape) ခဏကပ်တာမျိုး လုပ်ပါ
- သူတို့တက်လို့ရတဲ့ ကစားစရာတွေ ထားပေးပါ
- သူတို့နဲ့ ဆော့ဖို့ အချိန်ပေးပါ
ဒီအချက်တွေလုပ်ကြည့်ပြီး သူတို့နဲ့ အဆင်ပြေဆုံးဖြစ်မယ့် ဖြေရှင်းနည်းမျိုး သုံးပေးမယ်ဆိုရင် စ္စည်းတွေ တွန်းချတဲ့ အပြုအမူမျိုး နည်းသထက်နည်းသွားအောင် ပြုလုပ်နိုင်ပါတယ်။ စိတ်ရှည်ရှည်ထားပြီး အကျင့်လုပ်ပေးမယ်ဆိုရင် ဒီလိုအပြုအမူမျိုး မလုပ်တော့အောင် ကာကွယ်နိုင်တာမလို့ စမ်းကြည့်ကြဖို့ အကြံပြုလိုက်ပါတယ်နော်။