ကြောင်မွေးလေးတွေ ကြောင်ဗိုက်ထဲဝင်သွားတဲ့ အခါ ဖြစ်တတ်တဲ့ အမွေးလုံးအကြောင်း
ကြောင်လေးတွေဟာ သူတို့ဘာသာ လျှာနဲ့လျက်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ အမွေးတချို့က ဗိုက်ထဲဝင်သွားပြီး အမွေးလုံး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့ အမွေးလုံးဟာ ပုံမှန်သဘာဝဖြစ်စဥ် ဆိုပေမယ့် တခါတရံ ကျန်းမာရေးပြဿနာတွေ သယ်ဆောင်လာတတ်ပါတယ်။ ဒါ့ကြောင့် ကြောင်ဗိုက်ထဲက အမွေးလုံးဆိုတာဘာလဲ? ဘာကြောင့်ဖြစ်တာလဲ? ကာကွယ်ဖို့အတွက် ပိုင်ရှင်တွေက ဘာတွေလုပ်နိုင်လဲ? ဆိုတာတွေကို တိချစ်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
ကြောင်ဗိုက်ထဲက အမွေးလုံးဆိုတာ ဘာလဲ?
ကြောင်လေးတွေရဲ့ လျှာဟာ ချောမွေ့မနေဘဲ ချိတ်လိုပုံစံ စူးသေးသေးလေးတွေ အများကြီးရှိပါတယ်။ သူတို့ဘာသာ လျှာနဲ့လျက်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ အဲ့ဒီစူးတွေက အမွေးကျွတ်တွေကို တွယ်ထားပြီး ကြောင်က မြိုချမိတဲ့အခါ ဗိုက်ထဲမှာ သွားစုပါတယ်။ အမွေးအနည်းအကျဥ်းသာဆိုရင် အလေးသွားတဲ့အခါ ပါသွားတတ်ပေမယ့် အများကြီးဖြစ်နေတဲ့အခါ အမွေးလုံးဖြစ်လာရခြင်းပါ။
ဘာကြောင့် အမွေးလုံး ဖြစ်တာလဲ?
- ခဏခဏ သန့်ရှင်းရေးလုပ်တဲ့အခါ - ကြောင်တော်တော်များများက တစ်နေ့ကို လေးခါ ငါးခါလောက် သန့်ရှင်းရေးလုပ်လေ့ရှိကြပါတယ်။ အကြိမ်အရေအတွက်များတဲ့အလျောက် မြိုချမိတဲ့ အမွေးက ပိုများပြီး အမွေးလုံး ဖြစ်လာရခြင်းပါ။
- အမွေးကျွတ်များတဲ့အခါ - အထူးသဖြင့် အမွေးရှည်ကြတဲ့ ကြောင်လေးတွေမှာ အမွေးပိုကျွတ်တဲ့အတွက် သန့်ရှင်းရေးလုပ်တဲ့အခါ မြိုချမိတဲ့အမွေးတွေက ပိုများပိုရှည်တဲ့အတွက် အမွေးလုံးဖြစ်လာပါတယ်။ ကြောင်တွေက နွေဦးနဲ့ ဆောင်းဦးရာသီမှာ အမွေးလဲကြပြီး မွေးကျွတ်ပိုများတဲ့အတွက် ဒီရာသီတွေမှာ အမွေးလုံး ပိုဖြစ်တာကိုလည်း တွေ့ရပါတယ်။
- အမျှင်ဓာတ်နည်းတဲ့ အစာတွေအစားများတဲ့အခါ - ကြောင်တွေမှာ အစာမကြေတဲ့အခါ ဗိုက်ထဲမှာရှိတဲ့ အမွေးတွေဟာ အလေးကနေတစ်ဆင့် အပြင်ရောက်ဖို့ ခက်ခဲသွားပါတယ်။ ဒါ့ကြောင့် အမျှင်ဓာတ်မပါတဲ့ အစာတွေ အစားများတဲ့ ကြောင်လေးတွေမှာ အမွေးလုံးပိုဖြစ်လွယ်ရခြင်းပါ။
- အကြောင်းအရင်းတစ်ခုခုကြောင့် သန့်ရှင်းရေး အလုပ်လွန်တဲ့အခါ - ကြောင်လေးတွေမှာလည်း စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်နဲ့ ပျင်းတဲ့စိတ်တွေ ရှိတတ်ကြပါတယ်။ ဒီလိုခံစားချက်တွေဖြစ်တဲ့အခါ တုံ့ပြန်မှုအနေနဲ့ အလွန်အကျွံ သန့်ရှင်းရေးလုပ်တတ်ကြပြီး အမွေးလုံးတွေ ဖြစ်လာပါတယ်။
ကြောင်ဗိုက်ထဲက အမွေးလုံးက ဘာပြဿနာတွေကို ဖြစ်စေနိုင်လဲ?
အမွေးလုံးအသေးတွေက အလေးနဲ့ပါသွားနိုင်တာမို့ ပြဿနာမရှိပေမယ့် အမွေးလုံးက ကြီးပြီး မကြာမကြာဖြစ်တဲ့အခါမှာတော့ ကျန်းမာရေးပြဿနာ တချို့ ဖြစ်စေပါတယ်။
- အန်ခြင်း - ကြောင်တွေက ဗိုက်ထဲက အမွေးလုံးကို အလေးကနေ မထုတ်နိုင်တဲ့အခါ အန်ထုတ်ပြီးတော့ ထုတ်နိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါဟာ ရံဖန်ရံခါဆိုရင် သိပ်စိုးရိမ်စရာမရှိပေမယ့် ခဏခဏ အန်တယ်ဆိုရင်တော့ ကြီးမားတဲ့ ပြဿနာတစ်ခုခု ဖြစ်နိုင်တဲ့ လက္ခဏာပါ။
- ဝမ်းချုပ်ခြင်း (သို့) ဝမ်းလျှောခြင်း - ဗိုက်ထဲက အမွေးလုံးတွေဟာ အစာအိမ်လမ်းကြောင်းကို အနှောက်အယှက်ပေးတဲ့အတွက် ဝမ်းမသွားနိုင်တာ ဒါမှမဟုတ် ဝမ်းလျှောတာတွေ ဖြစ်လာတတ်ပါတယ်။
- ကိုယ်တွင်းအင်္ဂါပျက်စီးခြင်း - တခါတရံမှာ အမွေးလုံးကြောင့် အူလမ်းကြောင်း ပိတ်ဆို့ပြီး အသက်ဆုံးရှုံးနိုင်တဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ခဏခဏ အန်တာ၊ မောပြီး အားမရှိတာ၊ အစာမစားတော့တာ နဲ့ ဗိုက်နာတာ စတဲ့ လက္ခဏာတွေပြတဲ့အတွက် ဖြစ်တာနဲ့ အမြန်ဆုံး ဆရာဝန်နဲ့ပြဖို့ လိုပါတယ်နော်။
- ချောင်းဆိုးခြင်း (သို့) ဆို့တက်ခြင်း - တချို့ကြောင်လေးတွေမှာ အမွေးလုံးကို အန်ပြီး ထုတ်ပစ်နိုင်ဖို့ ချောင်းဆိုးတာ၊ ဆို့တက်တာ ဒါမှမဟုတ် နှာချေသလို အသံမျိုးထွက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုတွေလုပ်နေပေမယ့် အမွေးတွေမထွက်လာဘူးဆိုရင် ကျန်းမာရေး ပြဿနာတစ်ခုခု ဖြစ်နိုင်တဲ့ လက္ခဏာမို့ ဆရာဝန်နဲ့ ပြသစေချင်ပါတယ်။
ဒီလို ပြဿနာတွေမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
- ကြောင်လေးတွေ သန့်ရှင်းရေးလုပ်တဲ့အခါ မွေးကျွတ်တွေ ဗိုက်ထဲမရောက်သွားအောင် ပိုင်ရှင်တွေက ပုံမှန် အမွေးကို ဖြီးပေးနိုင်ပါတယ်။ အထူးသဖြင့် အမွေးရှည်တဲ့ ကြောင်ပိုင်ရှင်တွေက ပုံမှန်ဖြီးပေးပြီး ကျွတ်လာတဲ့ အမွေးတွေကို ကြောင်ကိုယ်ပေါ်ကနေ ဖယ်ရှားပေးခြင်းဖြင့် အမွေးတွေ ဗိုက်ထဲရောက်ပြီး အမွေးလုံးတွေ ဖြစ်မလာဖို့ ကာကွယ်ပေးပါတယ်။
- အလေးကနေတစ်ဆင့် အမွေးလုံးတွေကို ထုတ်ပစ်နိုင်ဖို့ အစာကောင်းကောင်းကြေဖို့ လိုတာမို့ အမျှင်ဓာတ်ပါတဲ့ အစားတွေများများ ကျွေးပြီးကာကွယ်နိုင်ပါတယ်။
- ကြောင်ဗိုက်ထဲက အမွေးလုံးတွေ အလေးကနေတစ်ဆင့် လွယ်လွယ်နဲ့ ထုတ်နိုင်ဖို့ တိုက်နိုင်တဲ့ ဆေးတွေရှိပါတယ်။ အဆီ (သို့) ဂျယ်လ် ပုံစံနဲ့လာပြီးတော့ ကိုယ့်ကြောင်နဲ့ အသင့်တော်ဆုံးဖြစ်မယ့် ဆေးကို ဆရာဝန်အကြံပြုချက်အတိုင်း တိုက်ပေးနိုင်ပါတယ်။
- အပေါ်မှာ ဖော်ပြခဲ့သလို ကြောင်လေးတွေမှာ စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်နဲ့ ပျင်းတာတွေကြောင့် သန့်ရှင်းရေး အလွန်အကျွဲလုပ်တတ်ကြတာမို့ အရုပ်တွေ၊ ကစားစရာတွေ ထားပေးတာမျိုး၊ သူတို့နဲ့ ဆော့ပေးတာ၊ အချိန်ဖြုန်းပေးတာမျိုး လုပ်ပေးပြီး ဒီလို ခံစားချက်တွေ မဖြစ်အောင် ကာကွယ်ပေးလို့ရပါတယ်နော်။
ဒါဆိုရင် ကြောင်တွေမှာ ဖြစ်တတ်တဲ့ အမွေးလုံးနဲ့ ဖြစ်လာတတ်တဲ့ ပြဿနာတွေကို ကာကွယ်ဖို့ ဒီအချက်တွေက ကြောင်ချစ်သူတို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ အကယ်၍ ကြောင်လေးဆီမှာ အပေါ်မှာဖော်ပြခဲ့တဲ့ လက္ခဏာတစ်ခုခု ဖြစ်ခဲ့တယ်ဆိုရင်တော့ အမြန်ဆုံး ဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းပါရစေနော်။