ကြောင်မဲတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ခု
တိတွေထဲမှာ ကမ္ဘာတစ်ဝှမ်းက ရှေးရိုးစဥ်လာ အယူတွေနဲ့ ပုံပြင်တွေကြားထဲမှာ နေရာတစ်ခုယူထားတာကတော့ ကြောင်မဲလေးတွေပါ။ ရှေးတုန်းက တချို့နိုင်ငံတွေမှာ လာဘ်မကောင်းခြင်းအဖြစ် အထင်လွဲခြင်း ခံရတဲ့ ကြောင်မဲလေးတွေမှာ စိတ်ဝင်စားဖို့ကောင်းပြီး လူသိနည်းတဲ့ အချက်လေးတွေ ရှိပါတယ်။ အဲ့အချက်တွေထဲက တချို့ကို တိချစ်သူတွေအတွက် ဖော်ပြပေးချင်ပါတယ်။
1). ကြောင်မဲတွေကို တချို့ယဥ်ကျေးမှုတွေမှာ ကံကောင်းခြင်းအဖြစ် သတ်မှတ်ကြပါတယ်
အနောက်နိုင်ငံ ရှေးအယူတွေမှာ ကြောင်မဲတွေကို လာဘ်မကောင်းခြင်းအဖြစ် မြင်ကြပေမယ့် နိုင်ငံတော်တော်များများမှာ ကြောင်မဲတွေကို ချမ်းသာကြွယ်ဝခြင်းနဲ့ ကံကောင်းခြင်းရဲ့ နိမိတ်တစ်ခုလို့ မြင်ကြပါတယ်။ ဘရိတိန်နိုင်ငံမှာ ကြောင်မဲတစ်ကောင်ကို မြင််လို့ရှိရင် ကံကောင်းတယ်လို့ အယူရှိပြီး အထူးသဖြင့် သင်္ဘောသားတွေဟာ သူတို့သင်္ဘောကို စောင့်ရှောက်ပေးဖို့ဆိုပြီး ကြောင်မဲတစ်ကောင်မွေးထားကြလေ့ရှိပါတယ်။
2). ကြောင်မဲမျိုးစိတ်ပေါင်း အခု (၂၀) ကျော်ရှိပါတယ်
ကြောင်မဲတွေအကုန်လုံးဟာ မျိုးစိတ်တစ်ခုတည်း မဟုတ်ပါဘူး။ မျိုးစိတ်ပေါင်း (၂၀) ကျော်က ကြောင်တွေမှာ တစ်ကိုယ်လုံးအမဲဖြစ်တဲ့ ကြောင်တွေ ရှိနိုင်ပါတယ်။ နာမည်ကြီး ကြောင်မျိုးတွေဖြစ်တဲ့ British Shorthair, American Shorthair, Maine Coon, Bombay စတဲ့ ကြောင်တွေမှာ တစ်ကိုယ်လုံးအမဲဖြစ်တဲ့ ကြောင်တွေ တွေ့ရပါတယ်။
3). နေထိုးတဲ့အခါ အမဲမဟုတ်တဲ့ အမွေးကွက်တွေရှိတတ်ကြပါတယ်
ကြောင်မဲတော်တော်များများမှာ “Ghost Marking” လို့ခေါ်တဲ့ အရောင်မှိန်ပြီး အမဲမဟုတ်တဲ့ နေရာလေးတွေရှိတတ်ပါတယ်။ နေ (သို့) အလင်းရောင်ထိုးတဲ့အခါ အကြားကြားဖြစ်နေတဲ့ နေရာတချို့ကို မြင်နိုင်ပြီးတော့ သူတို့ရဲ့ အရောင်အကြားဖြစ်ဖူးတဲ့ မျိုးရိုး သမိုင်းကြောင့် ဒီလိုနေရာတွေ ရှိရခြင်းပါ။
4). ကြောင်မဲတွေက အခြားကြောင်တွေထက် မယ်လနင်ဓာတ် ပိုများပါတယ်
မယ်လနင်ဓာတ်ပိုထုတ်နိုင်ခြင်းကြောင့် တစ်ကိုယ်လုံး အမဲရောင်အမွေးရှိရခြင်း ဖြစ်ပြီး ဒီဓာတ်ကြောင့်ပဲ ကြောင်မဲတွေမှာ ပယင်းနဲ့ ရွှေရောင်မျက်လုံးတွေ တွေ့ရခြင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း မယ်လနင်ဓာတ်များခြင်းကြောင့် တခြားကြောင်တွေထက် တချို့ရောဂါတွေ အဖြစ်များတတ်တဲ့ ဆိုးကျိုးတော့ရှိပါတယ်။
5). ကြောင်မဲတွေဟာ နေရောင်ခံပြီး အရောင်ပြောင်းနိုင်ကြပါတယ်
ကြောင်မဲတွေဟာ နေရောင်ခံတာများလို့ရှိရင် သံချေးရောင်လို အရောင်မျိုးပြောင်းနိုင်ကြပါတယ်။ ဒါကို “Rusting” (သံချေးတက်ခြင်း) လို့ခေါ်ပြီး နေရောင်က သူတို့ အမွေးထဲက “Eumelanin” လို့ခေါ်တဲ့ ဓာတ်ကို ကွဲပြားသွားအောင် လုပ်လိုက်ခြင်းကြောင့် ဒီလို အရောင်ပြောင်းလာတာပါ။
6). သူတို့ရဲ့ မျက်လုံးအရောင်က တခြားကြောင်တွေထက် ထူးခြားတယ်
မယ်လနင်ဓာတ် များခြင်းကြောင့် ကြောင်မဲတွေမှာ ရွှေနဲ့ ကြေးနီအရောင် မျက်လုံးမျိုး တွေ့ရတတ်ပါတယ်။ အမှောင်ထဲမှာဆိုရင် အမွေးအမဲရောင်ကို မမြင်ရဘဲ မျက်လုံးနှစ်လုံးပဲ စူးပြီးမြင်နိုင်တာကလည်း ကြောင်မဲတွေမှာပဲ ရှိတဲ့ ထူးခြားချက် တစ်ခုပါပဲ။
7). ရှေးအီဂျစ် ယဥ်ကျေးမှုမှာ ကြောင်မဲတွေဟာ အလေးထားခံရတယ်
ရှေးအီဂျစ် ယဥ်ကျေးမှုမှာ ကြောင်တွေကို အလေးအမြတ်ထားခံရပြီး အထူးသဖြင့် ကြောင်မဲတွေကို ပိုပြီး အထွတ်အမြတ်ထားတာကို တွေ့ရပါတယ်။ ကြောင်မဲတွေဟာ အညံ့တွေကနေ ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ ယုံကြည်ကြပြီး “Bastet” လို့ခေါ်တဲ့ ခြင်္သေ့ ဒါမှမဟုတ် ကြောင်ခေါင်းနဲ့ သရုပ်ပြတဲ့ နတ်ဘုရားမနဲ့ ဆက်နွယ်မှုရှိတယ်လို့ သတ်မှတ်ကြပါတယ်။
8). ကြောင်မဲတွေဟာ အခြားကြောင်တွေထက် ကျန်းမာရေးပိုကောင်းတယ်
လေ့လာချက်တွေအရ ကြောင်မဲတွေရဲ့ အမဲရောင်အမွေးကို ထုတ်လုပ်ပေးတဲ့ မျိုးရိုးဗီဇဟာ တချို့ရောဂါတွေအတွက် ကိုယ်ခံအားကို ပိုမိုမြင့်တက်စေပါတယ်။ ဒါ့ကြောင့် အခြား အရောင်ပါတဲ့ ကြောင်တွေထက် ကျန်းမာရေး ပိုကောင်းတယ်လို့ ဆိုနိုင််တာပါ။
9). ကြောင်မဲတွေဟာ မွေးစားခံရဖို့ ခက်ခဲတယ်
ဝမ်းနည်းစရာကောင်းတာကတော့ ကြောင်မဲတွေဟာ လာဘ်မကောင်းဘူးလို့ အခုထိ အယူစွဲကြသူတွေရှိတာမို့ အခြားကြောင်တွေလောက် မွေးစားမခံရပါဘူး။ တချို့ကလည်း ကြောင်မဲတွေဟာ အရောင်တစ်ခုတည်းရှိတာမို့ မလှလို့ မမွေးကြတာလို့ ဆိုပါတယ်။
10). သူတို့အတွက် “ကြောင်မဲ အသိအမှတ်ပြုနေ့” ဆိုပြီး ရှိပါတယ်
ကမ္ဘာတစ်ဝှမ်းမှာ ကြောင်မဲတွေကို မဟုတ်မမှန်တဲ့ ရှေးအယူတွေကနေ ဖယ်ရှားဖို့ ရှည်ရွယ်ချက်နဲ့ သြဂုတ်လ (၁၇) ရက်နေ့ကို ကြောင်မဲ အသိအမှတ်ပြုနေ့ လို့ သတ်မှတ်ပြီး ဆင်နွှဲကြပါတယ်။ ဒီနေ့နဲ့ ဆင်တူတဲ့ “အမျိုးသား ကြောင်မဲနေ့” ကိုတော့ အောက်တိုဘာ (၂၇) ရက်နေ့ကို သတ်မှတ်ပြီး ယူကေနိုင်ငံမှာ ဆင်နွှဲကြပါတယ်။