ကြောင်တွေကို ပွေ့ဖက်သင့်လား?
ကြောင်တွေကို ပွေ့ဖက်သင့်လားဆိုရင် ဖက်လို့တော့ ရပါတယ်။ ဒါပေမယ့် သူတို့တွေဟာ သီးသီးသန့်သန့်နေချင်ကြတဲ့ သဘာဝရှိတာမို့ တစ်ခါတစ်ရံ ပိုင်ရှင်တွေ အနေနဲ့ ဒီမေးခွန်းက စဉ်းစားရကြပ်နိုင်ပါတယ်။ တချို့ကြောင်တွေက ပွေ့ဖက်ရတာကို ကြိုက်ပြီး တချို့က မကြိုက်ပါဘူး။ ဒါ့ကြောင့် ကြောင်တစ်ကောင်စီ အလိုက် ကွာခြားနိုင်တာမို့ အောက်မှာ ဖော်ပြမယ့် အချက်တွေကို ကြည့်ပြီး ဖက်သင့် မဖက်သင့် ဆုံးဖြတ်နိုင်ပါတယ်။
တချို့ကြောင်တွေက ဘာလို့ အဖက်မခံတာလဲ?
- သဘာဝ - ခွေးတွေနဲ့ မတူတာ ကြောင်တွေဟာ သဘာဝအားဖြင့် ပိုပြီး သီးသန့်ဆန်ကြပါတယ်။ ဒါ့ကြောင့် ချုပ်တည်းခံရတာမျိုးကို မကြိုက်ကြတာကြောင့် အဖက်မခံကြပါဘူး။ အဖက်ခံရတဲ့အခါ အချုပ်ခံရတဲ့ ခံစားချက်မျိုးဖြစ်ပြီး သူတို့ရဲ့ သဘာဝ တုံ့ပြန်စိတ်ကို လှုံ့ဆော်ပေးခြင်းကြောင့် ရုန်းတာမျိုး ပြုလုပ်ရခြင်းပါ။
- အပြုအမူ - ကြောင်တွေက သူတို့ကို ပြုမူတဲ့ပုံစံကို အရမ်း အာရုံထားပါတယ်။ လူက ဖက်လိုက်တာကို အနိုင်ယူလိုတာ သို့ ခြိမ်းခြောက်မှူ တစ်ခုလို့ ထင်သွားတတ်ပါတယ်။
- လေ့ကျင့်ထားမှု မရှိခြင်း - လူတွေနဲ့ နီးနီးကပ်ကပ် မနေဖူးတဲ့ ကြောင်တွေ သို့ ရင်းနှီးအောင် လေ့ကျင့်ပေးထားခြင်း မရှိတဲ့ ကြောင်တွေက ဖက်တာလိုမျိုး လူတွေနဲ့ နီးနီးကပ်ကပ်နေရတာကို မကြိုက်ကြပါဘူး
ကြောင်တွေက အဖက်ခံရတာကို မကြိုက်မှန်း ဒီလို အချက်တွေနဲ့ သိနိုင်ပါတယ်
- ရုန်းတာ
- နားရွက်တွေက ပြားတဲ့အနေအထားမှာရှိတာ
- အမြီးခါတာ
- အော်တာ
- လက်သည်းထုတ်ထားတာ စတဲ့ အပြုအမူတွေ တွေ့ရရင် အဖက်ခံရတာကို မကြိုက်မှန်း သိနိုင်ပါတယ်။
ဒီအခါမှာ အတင်းအကျပ်မလုပ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင်နေရာ(Personal space) ကို လေးစားသောအားဖြင့် လက်ပေါ်ကနေ ချပေးသင့်ပါတယ်။
ဖက်တဲ့အခါမှာ ဒီလို အပြုအမူတွေ လုပ်တယ်ဆိုရင်တော့ နှစ်သက်ကြောင်း သိနိုင်ပါတယ်
- သက်တောင့်သက်သာပုံစံရှိတာ
- လည်ချောင်းသံထွက်တာ
- ခေါင်းနဲ့ လူ့လက်ကို ပွတ်တိုက်တာ
- မျက်တောင် ဖြည်းဖြည်းလေးခတ်တာ စတာတွေဖြစ်ပါတယ်။
ကြောင်တွေကို ဖက်နိုင်လားဆို ဖက်လို့ရပါတယ်။ ဒါပေမယ့် ဖက်သင့်လားဆိုတဲ့ မေးခွန်းကတော့ ကြောင်တစ်ကောင်ချင်းစီရဲ့ အကြိုက်နဲ့ ပုံစံအလိုက် ကွာခြားသွားမယ့် မေးခွန်းတစ်ခုပါ။ ကြောင်က ငယ်သေးတဲ့အရွယ်ဆိုရင်တော့ လေ့ကျင့်ပေးလို့ ရနိုင်လောက်ပြီး ကြောင်ကြီးတွေမှာ ဆိုရင်တော့ ဖက်တာမဟုတ်ဘဲ ပွတ်သပ်ပေးတာ၊ အရုပ်တွေနဲ့ ဆော့ပေးတာ၊ သူတို့ကို မနှောက်ယှက်ဘဲ ဘေးနားမှာ ထိုင်ရုံထိုင်တာမျိုးနဲ့ ဖြည်းဖြည်းချင်း လူနဲ့ရင်းနှီးပြီး ပွေ့ဖပ်ခံအောင် လုပ်ပေးလို့ရနိုင်ပါတယ်။