ကြက်တူရွေးလေး မပျင်းဖို့ ဒါတွေလုပ်ပေးမယ်
ကြက်တူရွေးတွေဟာ ဉာဏ်ကောင်းပြီး လူတွေ အခြားငှက်တွေနဲ့ ထိတွေ့ဆက်ဆံရတာကို ကြိုက်တဲ့ Social Animal တွေဖြစ်ကြပါတယ်။ သူတို့ရဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် လုပ်ဆောင်မှု (Activity) တွေလိုအပ်ပါတယ်။ ဒါ့ကြောင့်သူတို့ကို ဒီတိုင်းပစ်ထားရင် ပျင်းပြီး စိတ်ဖိစီးမှုဖြစ်ခြင်းနဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်တာမို့ ဒီလိုမဖြစ်အောင် လုပ်ပေးသင့်တဲ့ နည်းလမ်း (၇) ချက်ကို တိချစ်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
- အရုပ်နဲ့ ကစားစရာတွေ ထားပေးပါ
ကြက်တူရွေးမပျင်းဖို့ အရိုးရှင်းဆုံး ဖြေရှင်းဖို့နည်းလမ်းတစ်ခုကတော့ အရုပ်နဲ့ ကစားစရာတွေ များများထားရှိပေးခြင်းပါ။ ရိုးရိုးအရုပ်တွေလည်း အပျင်းပြေဖို့ ကောင်းပေမယ့် လိုက်ရှာရတဲ့၊ ကိုက်လို့ရတဲ့၊ ဖြေရှင်းရတဲ့ အရုပ်တွေဆိုရင် သူတို့ပိုပြီး စိတ်ဝင်စားနိုင်တာမို့ အဲ့လိုအရုပ်တွေ ရှာဝယ်ကြည့်ပါ။ သူတို့အတွက် ဝယ်တဲ့ ကစားစရာတိုင်းက ငှက်တွေအတွက် စိတ်ချရပြီး ဗိုက်ထဲရောက်သွားလည်း အဆိပ်မဖြစ်စေတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာမျိုး ဖြစ်သင့်ပါတယ်။
- ကြက်တူရွေးနဲ့အတူ အချိန်ကုန်ဆုံးပါ
အပေါ်မှာ ပြောခဲ့သလိုပဲ ကြက်တူရွေးတွေဟာ Social Animal တွေဖြစ်တဲ့အတွက် လူတွေနဲ့ နီးနီးကပ်ကပ် နေရတာကို ကြိုက်ကြပါတယ်။ ဒါ့ကြောင့် သခင်နဲ့အတူတူ အချိန်ကုန်ဆုံးရတာကို နှစ်သက်ကြတာမို့ နေ့တိုင်းအချိန်နည်းနည်းစီ ပေးတာမျိုးလုပ်ပေးပါ။ သူတို့နဲ့ စကားပြောတာ၊ ကစားနည်းတွေ သင်ပေးတာ၊ လေ့ကျင့်ပေးတာမျိုး၊ အသံလိုက်တုပြောခိုင်းတာမျိုးက အပျင်းလည်းပြေ သူတို့လေးတွေနဲ့ ဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
- သူတို့အတွက် ရှာလို့ဖွေလို့ရတဲ့ နေရာတစ်ခုထားပေးပါ
တောထဲမှာ သဘာဝအတိုင်းနေခဲ့စဥ်က ငှက်တွေဟာ အစာရှာစားကြရပါတယ်။ ဒီလိုလုပ်ခြင်းက အစာရှာရုံအတွက်သာမကဘဲ သူတို့အတွက် အပျင်းပြေစေတာမို့ အိမ်မွေးတိတွေဖြစ်လာတဲ့အခါ ဒီလို အလေ့အထမရှိတော့တဲ့အတွက် ပျင်းပြီး ငြီးငွေ့လာတာမျိုး ဖြစ်လာတာပါ။ ဒါ့ကြောင့် သူတို့အတွက် ရှာဖို့ဖွေဖို့ နေရာလေးတွေကို ဒီလိုဖန်တီးပေးနိုင်ပါတယ်။
- အစာကို လှောင်အိမ်ရဲ့ နေရာအနှံ့မှာ ဖွက်ပြီး ရှာခိုင်းတာ၊ အရုပ်တွေထဲမှာ ဖွက်ပြီးရှာခိုင်းတာမျိုး လုပ်ပေးတာ
- ဉာဏ်စမ်းကစားစရာ တစ်ခုကို ဖြေရှင်းနိုင်မှ အစာကျလာတဲ့စက်မျိုးနဲ့ ကစားခိုင်းတာမျိုးလုပ်ပေးနိုင်ပါတယ်။
- လတ်ဆတ်တဲ့ အစာတွေ ကျွေးပေးပါ
လတ်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆံတွေက ကြက်တူရွေးတွေအတွက် လိုအပ်တဲ့ အာဟာရပေးရုံတင်မကဘဲ အစာစားချိန်မှာ သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို မြင့်တက်စေပါတယ်။ အစာကျွေးတဲ့အခါ ဒီလိုအစုံအလင်ကျွေးပေးတာမျိုး၊ လှောင်အိမ်ရဲ့နေရာတစ်ချို့မှာ အစာကိုဖွက်ထားပြီး ရှာစားခြင်းက သူတို့ကို အပျင်းပြေစေပါတယ်။
- သူတို့ ကစားဖို့ နေရာအလုံအလောက် ထားပေးပါ
ကြက်တူရွေးတွေဟာ သွက်လက်ပြီး လျှောက်သွားရတာကြိုက်တဲ့ တိလေးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့လေးတွေအတွက် တွယ်တက်ဖို့၊ လျှောက်ကြည့်ဖို့ နေရာအလုံအလောက် ထားပေးသင့်ပါတယ်။ လှောင်အိမ်ထဲမှာ အမြဲနေခိုင်းတာမျိုး ရှောင်သင့်ပြီး သူတို့အတွက် လုံခြုံတဲ့နေရာမျိုးမှာ လေ့လာဖို့ အချိန်နဲ့ နေရာထားပေးပါ။
- ပတ်ဝန်းကျင်အသစ်နဲ့ အတွေ့အကြုံအသစ်တွေနဲ့ မိတ်ဆက်ပေးပါ
ကြက်တူရွေးတွေဟာ အမြင်အသစ်၊ အသံအသစ်နဲ့ ပတ်ဝန်းကျင်အသစ်တွေကို စိတ်ဝင်စားမှုပိုတတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ လှောင်အိမ်ကို အပြင်ကိုလှမ်းကြည့်နိုင်တဲ့ ပြတင်းပေါက်နားမှာ ထားပေးတာမျိုး၊ သဘာဝအသံ (သို့) သီချင်းသံ ဖွင့်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ လုံခြုံတဲ့ ခြံပြင် ဒါမှမဟုတ် လည်ပတ်နဲ့ အပြင်ထွက်လည်ပေးတာမျိုး လုပ်ပေးတာမျိုး၊ တီဗီ (သို့) တက်ဘလက်နဲ့ သူတို့စိတ်ဝင်စားမယ့် ယူကျုဗီဒီယိုဖွင့်ပေးတာမျိုး လုပ်ပေးတာကလည်း သူတို့အတွက် အများကြီး အပျင်းပြေစေမှာပါ။
- အခြားငှက်တွေနဲ့ ပေးတွေ့ပါ
အကယ်၍ နေရာနဲ့ မွေးဖို့အစီအစဥ်ရှိတယ်ဆိုရင် သူတို့အတွက် အဖော်ရဖို့ အခြားငှက်တစ်ကောင် မွေးတာလည်း ကောင်းတဲ့နည်းလမ်းတစ်ခုပါ။ ကြက်တူရွေးတွေဟာ မိတ်ဖွဲ့ရတာကြိုက်ကြတာမို့ အခြားငှက်တစ်ကောင်ရှိခြင်းက သူတို့အတွက် အပျင်းပြေစေပြီး အဖော်လည်း ဖြစ်စေမှာပါ။
ကျန်းမာပျော်ရွှင်တဲ့ ကြက်တူရွေးတစ်ကောင်ဖြစ်ဖို့ စိတ်ကျန်းမာဖို့ကလည်း အရေးကြီးတာမို့ ဒီအချက်လေးတွေနဲ့ အပျင်းပြေဖို့ လိုက်လုပ်ကြည့်လိုက်ရအောင်နော် …