ခွေးစာ အစိုနဲ့ အခြောက် ဘယ်လိုကွာခြားလဲ?
ပျော်ရွှင်ကျန်းမာတဲ့ အာဝုလေးတွေဖြစ်ဖို့ သူတို့အတွက် အကောင်းဆုံးဖြစ်မယ့် အစားအစာမျိုးကို ရွေးချယ်ပေးဖို့လိုပါတယ်။ ဒီလိုရွေးတဲ့နေရာမှာ ပိုင်ရှင်တွေအနေနဲ့ အစာခြောက်နဲ့ အစာစိုဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီနှစ်ခုဘယ်လိုကွာခြားလဲ? ဘာတွေပါဝင်လဲ? ဘယ်လိုပြုလုပ်ထားလဲ? ဆိုတာတွေ သိရင် ခွေးမျိုးစိတ်အလိုက် အကောင်းဆုံးဖြစ်မယ့် အမျိုးအစားကို ရွေးချယ်နိုင်မှာပါ။ ကဲ .. ဒါဆိုရင် ဒီအချက်တွေကို တစ်ခုချင်း လေ့လာကြည့်လိုက်ရအောင် …
အစာခြောက်နဲ့ အစာစို ဘယ်လိုကွာခြားလဲ?
- ပထမဆုံး နာမည်အတိုင်းပဲ အစာစိုက ရေပါဝင်မှု ပိုများပါတယ်။ များသောအားဖြင့် (၇၀) ကနေ (၈၅) ရာခိုင်နှုန်းထိ ပါဝင်တာကြောင့် ခွေးလေးတွေကို ရေဓာတ်ပြည့်ဝစေပါတယ်။ ဒါ့ကြောင့်မို့ ရေများများ မသောက်တတ်ကြတဲ့ ခွေးလေးတွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။
- အစာခြောက်မှာတော့ ရေပါဝင်မှု (၁၀) ကနေ (၁၂) ရာခိုင်နှုန်းလောက်ထိသာ ရှိပါတယ်။ အစာခြောက်က အစိုထက် သိမ်းဆည်းရလွယ်ကူပြီး ရေရှည်ပိုခံပါတယ်။ ဒါပေမယ့် ရေပါဝင်မှု နည်းတာကြောင့် အစာခြောက်ပဲ ကျွေးမယ်ဆိုရင် ရေများများ တိုက်ပေးဖို့ မမေ့စေချင်ပါဘူး။
- အစာစိုဟာ အတုံး၊ အရည်နဲ့ အရောပုံစံမျိုး လာတာကြောင့် ခွေးလေးတွေပိုကြိုက်ကြတာများပါတယ်။ အစာမာဝါးလို့ အဆင်မပြေတဲ့ ခွေးလေးအတွက် သင့်တော်တဲ့ ရွေးချယ်မှုပါ။
- အစာခြောက် (Kibble) ကတော့ အစာမာဖြစ်တာမို့ ခံတွင်းအတွင်း အစာဟောင်းတွေ ကျန်မနေအောင် ကူညီပေးပါတယ်။ အစာခြောက်က သေချာတိုင်းတာလို့ရတာမို့ အဝလွန်ခြင်းမဖြစ်အောင် အချိုးအစားထိန်းချုပ်ဖို့ အဆင်ပြေစေပါတယ်။
- အစာစိုမှာ အစာခြောက်ထက် ပရိုတိန်းပိုမိုပါဝင်ပြီး ပိုနည်းတဲ့ ကာဘိုဟိုက်ဒရိဒ်တွေ ပါဝင်တာကြောင့် ခွေးတွေရဲ့ သဘာဝအစာနဲ့ ပိုပြီးနီးစပ်ပါတယ်။ ဒါပေမယ့်လည်း ရေပါဝင်မှုများတာကြောင့် လိုအပ်တဲ့ အာဟာရ ပမာဏရောက်ဖို့ဆိုရင် များများ ကျွေးပေးဖို့တော့လိုပါတယ်။
- အစာခြောက်မှာ ကာဗိုဟိုက်ဒရိုဒ် ပိုမိုပါဝင်တာကြောင့် သိပ်သည်းခပိုများပါတယ်။ ဒါ့ကြောင့် အစာစိုထက် ရေရှည်သိမ်းဆည်းရပိုလွယ်ပေမယ့် တစ်ခါကျွေးစာချင်း ယှဥ်မယ်ဆိုရင် အစာစိုလောက်တော့ အာဟာရပါဝင်မှု မရှိပါဘူး။
- အစာစိုက ရေပါဝင်တာကြောင့် ရေခဲသေတ္တာထဲမှာ သိမ်းဆည်းဖို့လိုပြီး အစာခြောက်လောက် ရေရှည်မခံပါဘူး။
- အစာခြောက် အခန်းအပူချိန်မှာပဲ အလွယ်သိမ်းဆည်းလို့ရပြီး ကျွေးတဲ့အခါ ပိုပြီး လွယ်ကူပါတယ်။
အစာစိုကို ဘယ်လို ပြုလုပ်ထားလဲ?
ခွေးတွေအတွက် စားဖို့ စိတ်ချရပြီး ရေပါဝင်မှု တိကျဖို့အတွက် အဆင့်ဆင့် ပြုလုပ်ရပါတယ်။
- ပထမဆုံး အသား၊ ဥအမျိုးမျိုး နဲ့ အခြား ပရိုတိန်းပါဝင်တဲ့ အစာတွေကို အစေ့အဆံ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေနဲ့ ရောရပါတယ်။ ပါဝင်ပစ္စည်းတွေက ခွေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အစုံပါနေအောင် သေချာရွေးချယ်ပြီး တိုင်းတာထားရပါတယ်။
- နောက်တစ်ဆင့် အနေနဲ့ ပါဝင်ပစ္စည်းတွေကို ကျေနေအောင် ရောမွှေပြီးရပါတယ်။ ရေ (သို့) သားငါးအရွက်ပြုတ်ရည် ဒါမှမဟုတ် နှစ်ခုလုံးထည့်ပြီး မွှေရပါတယ်။
- ခုနက ရောမွှေထားတဲ့ ပစ္စည်းတွေကို ဘက်တီးရီးယားနဲ့ ပိုးမွှားတွေသတ်ဖို့ အပူချိန်မြင့်မြင့်ထားပြီး ချက်ပါတယ်။ ချက်ပြီးတာနဲ့ စည်သွတ်ဘူး၊ အိတ် ဒါမှမဟုတ် လင်ဗန်းတွေထဲထည့်ပြီး လတ်ဆတ်နေစေဖို့ လုံနေအောင် ဖုံးအုပ်ရပါတယ်။
- ဒီိလိုလုံခြုံနေအောင် ထည့်ထားတဲ့ ဘူးတွေကို နောက်တစ်ခေါက် ထပ်အပူပေးရပါတယ်။ ဒီလိုလုပ်ခြင်းကို “retort cooking” လို့ခေါ်ပြီး အစာဘူးတွေကို ပိုးသတ်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်းပါ။
အစာခြောက်ကို ဘယ်လိုပြုလုပ်ထားလဲ?
အစာခြောက်ဟာ ရေပါဝင်မှု အရမ်းနည်းတဲ့အတွက် အစာစိုနဲ့ ကွာခြားတဲ့ ပြုလုပ်ပုံမျိုးနဲ့ ပြုလုပ်ရပါတယ်။
- အရင်ဆုံး အစာခြောက်ပြုလုပ်ဖို့ ပရိုတိန်း (အမှုန့်)၊ အစေ့အဆံ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရွေးချယ်ရပါတယ်။ ဒီိလိုရွေးတဲ့အခါမှာ ရည်ရွယ်ချက် (ဥပမာ - အရိုးသန်မာဖို့) အလိုက် ပါဝင်ပစ္စည်းနဲ့ အချိုးအစားတွေကို ရွေးချယ်ပေးရပါတယ်။
- ရွေးထားတဲ့ ပါဝင်ပစ္စည်းတွေကို ညက်နေအောင် ချေပေးရပါတယ်။ ပြီးတာနဲ့ ညှစ်ထုတ်စက် (extrusion) ထဲထည့်ပြီး လိုချင်တဲ့ အစာခြောက်ပုံစံရအောင် ချက်ပေးရပါတယ်။
- ချက်ပြီးတဲ့ အစာခြောက်တွေကို နောက်တစ်ခေါက် အခန်းအပူချိန်ထဲမှာ အခြောက်ခံပေးပါတယ်။ ဒါမှသာ ကျန်ရှိနေသေးတဲ့ ရေတွေ ခန်းသွားမှာဖြစ်ပြီး ပိုမိုတာရှည်ခံစေမှာပါ။
- အစာခြောက်တွေကို မထုပ်ပိုးခင်မျာ အရသာနဲ့ အာဟာရအတွက် အဆီ (သို့) ဆီနဲ့ ဖြန်းပေးပါတယ်။ ပြီးတာနဲ့ အိတ်တွေထဲ ထုပ်ပိုးပြီးရင်တော့ ခွေးတွေစားလို့ရတဲ့ အစာခြောက် ဖြစ်ပါပြီ။
ဒါဆိုရင် အစာခြောက်နဲ့ အစို ကွာခြားပုံနဲ့ ဘယ်လိုပြုလုပ်ထားလဲဆိုတာ သိသွားကြပြီဆိုတော့ မိမိခွေးလေးတွေအတွက် အသင့်တော်ဆုံး အစာမျိုးကို ရွေးချယ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ တစ်ခုပဲ ရွေးရွေး၊ နှစ်မျိုးလုံးပဲ ကျွေးကျွေး ခွေးလေးအတွက် သင့်တင့်မျှတတဲ့ အစာမျိုးဖြစ်ဖို့ကတော့ နံပါတ်တစ် အရေးကြီးဆုံးဆိုတာ မမေ့နဲ့နော် …