ခွေးလေး လည်ပတ်ကြိုး ဆွဲတတ်တဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ?
ခွေးပိုင်ရှင်တို့ ခွေးလေးနဲ့အတူ လမ်းလျှောက်ထွက်တဲ့အခါ လည်ပတ်ကြိုးကို ဆွဲတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုလမ်းလျှောက်ထွက်တိုင်း ခဏခဏဖြစ်နေရင် ခွေးရောလူရော စိတ်ရှုပ်ပြီး လမ်းလျှောက်ရတာ ပျော်ဖို့မကောင်းတော့ပါဘူး။ ဒါ့ကြောင့် ဒီလိုဖြစ်နေပြီဆိုရင် ဘယ်လို ဖြေရှင်းလို့ရလဲဆိုတာ ကြည့်ကြမယ်နော်
- မှန်ကန်တဲ့ လည်ပတ်နဲ့ ကြိုးမျိုးရွေးချယ်ပါ
လည်ပတ်ကြိုးရွေးတဲ့အခါမှာ လည်ပင်းကိုပတ်ထားတဲ့ဟာမျိုး၊ အချွန်ပါတာမျိုးတွေ ရှောင်စေချင်ပါတယ်။ အဲ့လိုလည်ပတ်တွေက သက်တောင့်သက်တာမရှိသလို အနာတရလည်း ဖြစ်နိုင်တာကြောင့်ပါ။ အဲ့ဒီအစား နှာသီးကနေ ဦးခေါင်းအနောက်ဘက်ထိ ဆန့်တဲ့ လည်ပတ်မျိုးကို ရွေးတာဟာ ခေါင်းရဲ့ ဦိးတည်ရာကိုလည်း ပိုမို ထိန်းချုပ်နိုင်ပြီး လည်ပတ်ကြိုးကို အရမ်းဆွဲတဲ့ ခွေးလေးတွေအတွက် အထောက်အကူဖြစ်စေပါတယ်။
- လမ်းလျှောက်ရာမှာ သိထားသင့်တဲ့ စကားလုံးတွေ သင်ထားပေးပါ
ဘေးကနေ သို့ ခပ်လှမ်းလှမ်း အနေအထားကနေ အေးဆေး လျှောက်ဖို့ “လျှောက်” “ဟိုဘက်” စတဲ့ သင်ပေးရလွယ်တဲ့ စကားလုံးမျိုးရွေးချယ်ပါ။ ရှေ့ကနေ လည်ပတ်ကြိုးကို ဆွဲနေပြီဆိုရင် ဒီစကားလုံးကို ပြောပြီး ပြန်ပြန်ထိန်းပြီး လေ့ကျင့်ပေးနိုင်ပါတယ်။ စစချင်း လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ကျင့်တဲ့ အခါ ခြံထဲ ဒါမှမဟုတ် အနီးအနားက တိတ်ဆိတ်တဲ့ နေရာမျိုးမှာ အရင်ကျင့်ပေးသင့်ပါတယ်။ ဒီလိုစကားလုံးမျိုးကို သိအောင် လေ့ကျင့်ပေးဖို့ဆိုရင် တိတ်ဆိတ်ပြီး အာရုံစိုက်နိုင်တဲ့ နေရာမျိုး ဖြစ်သင့်ပါတယ်။
- “ရပ်” ပြီး “ငြိမ်” နည်းလမ်းကို အသုံးပြုပါ
ခွေးကလည်ပတ်ကြိုးကို စပြီးဆွဲပြီဆိုတာနဲ့ လမ်းလျှောက်တာကို လုံးဝရပ်လိုက်ပါ။ လည်ပတ်ကြိုးတင်းနေတာကို ခွေးက မလျော့မချင်း သို့ နောက်လှည့်ကြည့်တဲ့အထိ ဒီတိုင်းရပ်နေပါ။ လည်ပတ်ကြိုးက ပြေပြေလျော့လျော့ အခြေအနေဖြစ်ပြီဆိုရင် ဆက်ပြီးလမ်းလျှောက်ပါ။ ဒါကို ခွေးက လည်ပတ်ကြိုးကို ဆွဲတိုင်း လုပ်ပေးဖို့လိုပြီး ဒါမှသာ ကြိုးဆွဲလို့ ရှေ့ပိုမရောက်သွားဘူးဆိုတာကို နားလည်မှာဖြစ်ပါတယ်။
- လမ်းလျှောက်နေရင်း လမ်းကြောင်းပြောင်းပါ
လည်ပတ်ကြိုးကို စဆွဲပြီဆိုတာနဲ့ ဘယ် သို့ ညာကို ဒါမှမဟုတ် ဆန့်ကျင်ဘက်ကို လမ်းကြောင်းပြောင်းလိုက်ပါ။ ဒီလိုလုပ်ခြင်းဟာ သခင်ကို အာရုံစိုက်ရမယ်ဆိုတာ သတိပေးရာရောက်ပြီး နောက်ကနေ လိုက်ရမယ်ဆိုတာကိုလည်း လေ့ကျင့်ပေးရာရောက်ပါတယ်။ ပြောစကားနားထောင်ရင် မုန့်ကျွေးပြီး ဆုချဖို့ကိုလည်း မမေ့စေချင်ပါဘူး။
- လမ်းမလျှောက်ခင် ခဏ ကစားပေးပါ
တချို့ အင်နာဂျီအရမ်းများပြီး သွက်တဲ့ ခွေးမျိုးစိတ်တွေဆိုရင် လမ်းမလျှောက်ခင်မှာ ခဏ ကစားပေးတာဟာ လမ်းလျှောက်တဲ့အခါ ထိန်းရလွယ်ကူစေပါတယ်။ ဖြေရှင်းပြီးဆော့ရတဲ့ ဉာဏ်စမ်းအရုပ်မျိုးနဲ့ ကစားပေးတာမျိုးကလည်း စိတ်ငြိမ်စေပြီး လမ်းလျှောက်တဲ့အခါ အာရုံစိုက်ဖို့ အထောက်အကူဖြစ်စေမှာပါ။
- အာရုံလွှဲပါ
သူတို့အကြိုက်ဆုံး အရုပ်၊ ကစားစရာ တစ်ခုခုကို လမ်းလျှောက်တဲ့အခါ သယ်လာပြီး အာရုံလွှပါ။ ဒီအခါမှာ ခွေးက အရုပ်ကိုင်ထားတဲ့လူကိုပဲ အာရုံရှိနေမှာဖြစ်ပြီး လည်ပတ်ကြိုးကို အရမ်းမဆွဲစေမှာ ဖြစ်ပါတယ်။
နာမည်ခေါ်တာ “ဒီကိုကြည့်” စတဲ့ စကားလုံးတွေနဲ့ အာရုံပြန်ပြန်လွှဲပေးပါ။ အထူးသဖြင့် လူထူပြီး အာရုံမရတဲ့နေရာမျိုးတွေဆိုရင် ကိုယ့်ဆီကို အာရုံပြန်ပြန်လွှဲပေးဖို့ မမေ့ပါနဲ့။
- ကျွမ်းကျင်သူနဲ့ ပြသပါ
အကယ်၍ အပေါ်ကအချက်တွေ လုပ်လို့တစ်ခုမှ အဆင်မပြေဘူးဆိုရင် ကျွမ်းကျင် ခွေးကျောင်းသူနဲ့ လေ့ကျင့်ပေးသင့်ပါတယ်။ တချို့ခွေးတွေမှာ ဒီလိုလည်ပတ်ကြိုးဆွဲတဲ့ အကျင့်က နားလည်သူနဲ့ စနစ်တကျ လေ့ကျင့်ပေးမှသာ ပျောက်နိုင်တာကြောင့်ပါ။