ခွေးလေးတွေ မရပ်မနား ဘာကြောင့် အရမ်းဟောင်ရတယ်?
ခွေးတွေဟာ ဟောင်ပြီးတော့ ပတ်ဝန်းကျင်နဲ့ ဆက်သွယ်စကားပြောကြတာ မထူးဆန်းပါဘူး။ ဒါပေမယ့် နေ့နေ့ညည ဟောင်နေတဲ့ ခွေးတွေရှိလာတဲ့အခါ ပိုင်ရှင်ရော အိမ်နီးနားချင်းတွေအတွက်ပါ အနှောင့်အယှက် ဖြစ်လာပါတယ်။ ဒါ့ကြောင့် တချို့ခွေးတွေမှာ ဘာကြောင့် ဒီလိုမျိုး အလွန်အကျွံ ဟောင်ရလဲ၊ ကိုယ့်ခွေးလေးမှာ ဒီလိုပြဿနာမျိုး ဖြစ်ဖူးတယ်၊ ဖြစ်နေတယ်ဆိုရင် ဘာတွေလုပ်နိုင်လဲဆိုတာ တစ်ချက်ချင်း ကြည့်လိုက်ရအောင် …
တချို့ခွေးတွေဟာ ဘာကြောင့် အလွန်အကျွံ ဟောင်ရတာလဲ?
- ပိုင်နက် သတ်မှတ်ခြင်း (သို့) ကာကွယ်ချင်စိတ်ကြောင့် ဟောင်ခြင်း
ခွေးတွေဟာ များသောအားဖြင့် မိမိပိုင်နက်ကို ပြသချင်တဲ့အခါ ဒါမှမဟုတ် ပိုင်ရှင်ကို အန္ဒရာယ် တစ်ခုခုအကြောင်း အချက်ပြချင်တဲ့အခါ ဟောင်တတ်ကြပါတယ်။ စိုးရိမ်စိတ်များတဲ့၊ ကာကွယ်ချင်စိတ် ပိုကြီးတဲ့ ခွေးမျိုးစိတ် (ဥပမာ - German Shepherds, Rottweilers, Terriers) တွေမှာ အလွန်အကျွံ ဟောင်တာမျိုး ပိုတွေ့ရတတ်ပါတယ်။
- အာရုံစိုက်ခံရလိုတာကြောင့် ဟောင်ခြင်း
တချို့ခွေးတွေဟာ ပိုင်ရှင်ရဲ့ အာရုံစိုက်မှုလိုချင်တာကြောင့် ဟောင်တတ်ကြပါတယ်။ အပြင်သွားချင်တဲ့အခါ၊ ဗိုက်ဆာတဲ့အခါ၊ ဆော့ချင်တဲ့အခါ လိုအပ်ချက်ကို ဟောင်ပြီး ပြောပြတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုဟောင်ရင် လိုချင်တာရတယ်ဆိုတာကို မှတ်ထားပြီး အလွန်အကျွံ ဟောင်တာမျိုး ဖြစ်တတ်ပါတယ်။
- ပျင်းတာ (သို့) အထီးကျန်တာကြောင့် ဟောင်ခြင်း
ခွေးလေးတွေဟာ လူတွေ၊ အခြားခွေးတွေနဲ့ ထိတွေ့ဆက်ဆံရတာ ကြိုက်တဲ့ တိလေးတွေပါ။ သူတို့ကို အချိန်အကြာကြီး တစ်ကောင်တည်းထားတဲ့အခါ ပျင်းတာ၊ အထီးကျန်တာမျိုးဖြစ်ပြီး အဲ့ဒီစိတ်ကို ဟောင်ပြီး ပြသကြပါတယ်။ ဒါ့ကြောင် တစ်ကောင်တည်း ကြာကြာပစ်ထားခံရတဲ့ ခွေးလေးတွေဟာ အလွန်အကျွံ ဟောင်တာမျိုး လုပ်တတ်ကြပါတယ်။
- စိုးရိမ်စိတ်၊ ကြောက်စိတ်နဲ့ စိတ်လှုပ်ရှားခြင်းကြောင့် ဟောင်ခြင်း
ခွေးတွေဟာ အသံဆူဆူညံညံတွေ၊ မရောက်ဖူးတဲ့ ပတ်ဝန်းကျင် ဒါမှမဟုတ် ပိုင်ရှင်နဲ့ အတူမရှိရတဲ့အတွက်ကြောင့် စိုးရိမ်စိတ် ကြောက်စိတ်တွေဖြစ်ပြီး ဟောင်တတ်ကြပါတယ်။ ဒီလိုမျိုး ဟောင်ခြင်းနဲ့ ပိုင်ရှင်အိမ်ပြန်လာတဲ့အခါ စိတ်လှုပ်ရှားပြီး ဟောင်တာမျိုးက အနည်းအကျဥ်းဆိုရင် ပြဿနာမရှိပေမယ့် မထိန်းချုပ်နိုင်တဲ့အခါ အလွန်အကျွံဟောင်တာမျိုး ဖြစ်လာပါတော့တယ်။
- ကျန်းမာရေး မကောင်းတာကြောင့် ဟောင်ခြင်း
တစ်နေရာရာက နာနေတာ၊ နားမကြားတော့တာ ဒါမှမဟုတ် အသက်ကြီးတဲ့ ခွေးလေးတွေမှာ အသိစိတ်လွတ်လာတာ စတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် အလွန်အကျွံ ဟောင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရင်က အရမ်းမဟောင်တတ်ဘဲ ရုတ်တရက် ဒီလို ဟောင်နေပြီဆိုရင် ကျန်းမာရေးပြဿနာတွေကြောင် ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသစေချင်ပါတယ်််။
ဒီလို အလွန်အကျွံ ဟောင်တာကို ဘယ်လို ဖြေရှင်းမလဲ?
- ပထမဆုံးအနေနဲ့ ဘာကြောင့် ဟောင်နေရလဲဆိုတာ သိအောင် အရင်လုပ်သင့်ပါတယ်။ လူတွေ၊ အသံတွေ၊ ပစ္စည်းတွေကို ဟောင်တာလား? ကျန်းမာရေးမကောင်းတာကြောင့် ဟောင်နေတာလားဆိုတာ အကြမ်းဖျဥ်းအရင်သိအောင် လုပ်ခြင်းအားဖြင့် ဖြေရှင်းဖို့ နည်းလမ်းထုတ်နိုင်ပါလိမ့်မယ်။
- အရမ်းဟောင်နေတဲ့ ခွေးကို တိတ်အောင် စကားလုံးနဲ့ သင်ပေးလို့ရပါတယ်။ ဥပမာ “တိတ်” ဆိုတဲ့ စကားလုံးကို ပြောလိုက်ရင် အသံတိတ်သွားအောင် လေ့ကျင့်ပေးလို့ရပြီး ဟောင်တာရပ်သွားရင် မုန့်ကျွေးပေးခြင်းဖြင့် ဟောင်နေတာက ရပ်လိုက်ရင် မုန့်စားရတယ်ဆိုတာနဲ့ တွဲပြီး မှတ်မိသွားပါတယ်။
- ခွေးတွေဟာ လူတွေ အခြားခွေးတွေနဲ့ ရောရောထွေးထွေးနေချင်ကြတဲ့ “Social Animal” တွေပါ။ ဒါ့ကြောင့် လမ်းလျှောက်ထွက်ပေးတာ၊ အတူဆော့ပေးတာ၊ ကစားစရာနဲ့ အရုပ်တွေ ထားပေးတာတွေ လုပ်ပေးသင့်ပြီး ဒီလို လှုပ်ရှားမှသာ အလွန်အကျွံ ဟောင်ဖို့အတွက် အားအင်တွေ ပိုမနေမှာ ဖြစ်ပါတယ်။
- အကယ်၍ ကိုယ့်ခွေးက ဖြတ်သွားဖြတ်လာတွေကြောင့် အလွန်အကျွံ ဟောင်နေတာမျိုးဆိုရင် သူတို့ကို အိမ်ရှေ့မှာမထားတာမျိုး၊ ဖြတ်သွားဖြတ်လာတွေကို မမြင်ရတဲ့ အခန်းမှာထားတာမျိုး လုပ်နိုင်ပါတယ်။ အသံတစ်ခုခုကြောင့် ဥပမာ - လူခေါ်ဘဲလ် ကြားတိုင်း အဆက်မပြတ် ဟောင်နေတာမျိုးဆိုရင် ဘဲလ်ကို ထပ်ခါ ထပ်ခါ နှိပ်ပြီး သူတို့မဟောင်တဲ့ အခေါက်မှာ မုန့်ကျွေးပြီး အပေါ်မှာ ဖော်ပြထားသလို လေ့ကျင့်ပေးလို့ ရပါတယ််။
- တကယ်လို့ ကိုယ်သိသလောက် အကုန်လိုက်လုပ်ကြည့်ပေမယ့် အဟောင်မရပ်ဘူးဆိုရင် ခွေးလေးတွေကို လေ့ကျင့်ပေးတဲ့ ပရော်ဖက်ရှင်နယ်မျိုးနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
- အပေါ်မှာ ဖော်ပြခဲ့သလို အရင်က မဟောင်တတ်ဘဲ ရုတ်တရက် အရမ်းထဟောင်တာ၊ အသက်ကြီးတဲ့ ခွေးလေးတွေ ဟောင်တာမျိုး ဆိုရင် ကျန်းမာရေးပြဿနာကြောင့် ဖြစ်ဖို့များတ့အတွက် ဆရာဝန်နဲ့ ပြသခြင်းနဲ့ ဖြေရှင်းနိုင်ပါတယ်။
ဟောင်ခြင်းက ခွေးလေးတွေရဲ့ ဆက်သွယ်ပြောဆိုတဲ့ နည်းလမ်းတစ်ခု ဖြစ်တာကြောင့် လုံးဝရပ်သွားအောင်တော့ လုပ်လို့မရပါဘူး။ နေ့နေ့ညည ဟောင်တာမျိုးကလည်း အဖြစ်မများသလို ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါ့ကြောင့်မို့ ဒီလို ပြဿနာနဲ့ လက်ရှိကြုံနေရတဲ့ တိပိုင်ရှင်တွေ အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ အချက်တွေကို အသုံးချပြီး စိတ်ရှည်ရှည်နဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်နော်