ခွေးလေးတွေမှာ ဖြစ်တတ်တဲ့ အစာအဆိပ်သင့်ခြင်း
အစာအဆိပ်သင့်တယ်ဆိုတာ ခွေးလေးတွေမှာ ဖြစ်တတ်တဲ့ မတော်တဆတစ်ခုပါ။ တစ်ခါတစ်ရံ ပိုင်ရှင်တွေက ကျွေးချင်ဇောနဲ့ ခွေးတွေနဲ့ မတည့်တဲ့ လူစားတာတွေ ကျွေးမိတဲ့အခါ အဆိပ်ဖြစ်တတ်ပါတယ်။ ဒီလို အစာအဆိပ်သင့်တဲ့အခါ ဘယ်လိုလက္ခဏာတွေပြလဲ? ဘာတွေ လုပ်ပေးလို့ရလဲ? မဖြစ်ခင် ဘယ်လိုအရင်ကာကွယ်မလဲ? ဆိုတာတွေ တစ်ခုချင်း ကြည့်လိုက်ရအောင် …
ခွေးတွေမှာ အစာအဆိပ်သင့်တယ်ဆိုတာ ဘာလဲ?
ခွေးတွေက လူတွေနဲ့ ဖွဲ့စည်းပုံနဲ့ အစာခြေဖျက်ပုံခြင်း မတူပါဘူး။ ဒါ့ကြောင့် လူတွေစားလို့ရပေမယ့် ခွေးတွေအတွက် စားမိရင် အဆိပ်အတောက်ဖြစ်စေတဲ့ အစာတွေရှိပါတယ်။ အစာအဆိပ်သင့်ခြင်းက ရိုးရိုး ဗိုက်အောင့် ဗိုက်နာကနေ အပြင်းအထန်ဖျားနာတဲ့အထိ ဖြစ်တတ်ပြီး တစ်ခါတစ်ရံ အရမ်းပြင်းထန်တဲ့အခါ အသက်ကိုပါ ထိခိုက်နိုင်ပါတယ်။
ဘယ်အခါမှာ အစာအဆိပ်သင့်ခြင်း ဖြစ်တတ်လဲ?
တချို့လူစားတဲ့ အစာတွေ စားမိတဲ့အခါ ခွေးတွေအတွက် အဆိပ်ဖြစ်စေပါတယ်။ အဲ့ဒီအစာတွေကတော့
1. ချောကလက် - ချောကလက်က ခွေးတွေနဲ့မတည့်တဲ့ သီရိုဘရိုမိုင်း ပါဝင်ပါတယ်။ အထူးသဖြင့် အနက်ရောင် ချောကလက်တွေက ပါဝင်မှုပိုများတဲ့အတွက် ခွေးတွေ စားမိရင် အန္တရာယ်ဖြစ်စေပါတယ်။
2. စပျစ်သီး - စပျစ်သီးရော စပျစ်သီးခြောက်ရော ခွေးတွေအတွက် ကျောက်ကပ်ထိစေနိုင်ပြီး နည်းနည်းစားမိတာနဲ့တင် ကျောက်ကပ်ပျက်စီးတတ်ပါတယ်။
3. ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ - ဒီနှစ်ခုလုံးမှာ ခွေးတွေရဲ့ သွေးနီဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ဓာတ်ပါဝင်တာမို့ စားမိရင် သွေးအားနည်းရောဂါဖြစ်စေပါတယ်။
4. ဇိုင်လီတို - သကြားမပါတဲ့ အစားအစာတွေ (ပီကေ၊ သကြားလုံးသည်) မှာ လူလုပ်အချိုဓာတ်အဖြစ် အသုံးပြုတဲ့ ဇိုင်လီတိုက ခွေးတွေအတွက် အင်ဆူလင် ပမာဏကိ တစ်ဟုန်ထိုးမြင့်တက်စေပါတယ်။ ဒီအခါမှာ သွေးတွင်းသကြားဓာတ်က ထိုးကျပြီး အသည်းပျက်စီးတတ်ပါတယ်။
5. သိုးနေတဲ့ အစာ၊ ရက်လွန်စာတွေက ဆယ်လ်မွန်နဲလာ (salmonella) အီးကွိုင် (e. Coil) စတဲ့ ပိုးဝင်ခြင်းဖြစ်စေနိုင်ပြီး အစာအဆိပ်သင့်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အသားစိမ်း ငါးစိမ်းတွေ မှာပါတဲ့ ပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
6. ရေကန်တွေ ဗွက်အိုင်တွေထဲက မသန့်ရှင်းတဲ့ ရေတွေ သောက်မိရင်လည်း ဘက်တီးရီးယားနဲ့ ပိုးကောင်တွေ ဗိုက်ထဲဝင်ပြီး အစာအဆိပ်သင့်နိုင်ပါတယ်။
အစာအဆိပ်သင့်တဲ့အခါ ဘယ်လိုလက္ခဏာတွေပြလဲ?
စားမိတဲ့ အစာပေါ်မူတည်ပြီး ပြတဲ့ လ္ခဏာတွေ ကွဲတတ်ပါတယ်။ အဲ့ထဲမှာမှ တူညီပြီး အဖြစ်များတဲ့ လက္ခဏာတွေကတော့
- အန်မယ်၊ ဝမ်းလျှောမယ်
- ပုံမှန်ထက် သွားရည်တွေကျနေမယ်
- အစာမစားတော့ဘူး
- ဗိုက်အောင့်ဗိုက်နာဖြစ်လို့ ညည်းနေတာ၊ ဂဏှာမငြိမ်ဖြစ်နေတာ၊ ကုပ်ကုပ်လေးနေနေတာ
- အားမရှိဘဲ ပန်းနေတာ စတာတွေဖြစ်ပါတယ်။
- အဆိပ်ရှိတဲ့ အစာတွေစားမိတဲ့အခါ တခါတလေ တုန်တုန်ယင်ယင်ဖြစ်တာ၊ ရုတ်တရက် လေဖြတ်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။
ဒီလိုလက္ခဏာတွေပြနေပြီဆိုရင် ဘာလုပ်ရမလဲ?
- ဘယ်အစာကြောင့်ဖြစ်တာလဲ ဆိုတာ သိအောင်လုပ်ပြီး နောက်ထပ်မစားမိအောင် လုံးဝဖယ်ရှားပစ်ပါ။
- စားထားတဲ့ အစာတွေ အန်ထွက်ဖို့ လုပ်ပေးပါ။ ဒါပေမယ့် မလုပ်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်တာ အကောင်းဆုံးပါ။ အကယ်၍ ခွေးက ရှစေတဲ့ပစ္စည်းတွေ မြိုချမိထားရင်တော့ အန်ထွက်အောင် လုပ်ဖို့ မသင့်တော်ပါဘူး။
- အစာအဆိပ်သင့်တာက အသက်ကိုပါ အန္တရာယ်ဖြစ်စေနိုင်တာမို့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။
- ဆရာဝန်နဲ့ ပြသပြီးရင်လည်း (၂၄) နာရီအတွင်း လက္ခဏာပိုကောင်းလာ မကောင်းလာ အနီးကပ်စောင့်ကြည့်သင့်ပါတယ်။ တစ်ခါတစ်ရံ လက္ခဏာက ပိုဆိုးလာတာလည်း ဖြစ်နိုင်တာမို့ ချက်ချင်း ဆရာဝန်ဆီ နောက်တစ်ခေါက် ထပ်သွားစေချင်ပါတယ်။
အစာအဆိပ်သင့်တာကို မဖြစ်ခင် ဘယ်လိုကာကွယ်နိုင်လဲ?
- ခွေးလေးတွေက အမှိုက်ပုံးကို စပ်စုပြီး မွှေနှောက်တတ်ကြပါတယ်။ အဲ့ဒီအခါမတည့်တဲ့ အစာတွေ စားမိတတ်ကြတာမို့ အမှိုက်အိတိတွေအကုန် လုံခြုံပြီး သူတို့နဲ့ ဝေးဝေးမှာထားပါ။
- လူစားတဲ့ တချို့အစာတွေတော့ ခွေးလေးတွေစားလို့ရပေမယ့် စိတ်ချရဖို့အတွက် မကျွေးတာ အကောင်းဆုံးပါ။ ဘာတွေကျွေးလို့ရလဲ မရဘူးဆိုတာ ဆရာဝန်ကို သေချာ မေးမြန်းသင့်ပါတယ်။
- အစာတွေပျက်သွားတာ သိုးသွားတာတွေ မဖြစ်ဖို့ အစာစို၊ အစာခြောက်နှစ်မျိုးလုံး ညွှန်ကြားချက်အတိုင်း သေချာသိမ်းဆည်းပါ။
- အပြင်ထွက် လမ်းလျှောက်တဲ့အခါ ရေအိုင်၊ ဗွက်အိုင်တွေထဲက ရေတွေမသောက်မိအောင် သေချာစောင့်ကြည့်ပါ။
ခွေးတွေမှာ အစာအဆိပ်သင့်တာဟာ ရိုးရိုးဗိုက်အောင့်တာကနေ အသက်ဆုံးရှုံးတဲ့ထိအထိ ဖြစ်တတ်တဲ့အတွက် မပေါ့ဆသင့်ပါဘူး။ စားနေကျ အစာတစ်ခုခု စားပြီး တစ်ခုခု မူမမှန်တာရှိရင် ဆရာဝန်နဲ့ ချက်ချင်းပြသပေးဖို့ လိုပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းတာမို့ အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ချစ်ရတဲ့ ခွေးလေးတွေကို အစာအဆိပ်သင့်ခြင်းကနေ ကာကွယ်ပေးကြပါနော်။