ခွေးတွေ အသက်ကြီးလာတဲ့အခါ ဘယ်လို ဂရုစိုက်ပေးသင့်လဲ?

ခွေးတွေ အသက်ကြီးလာတဲ့အခါ ဘယ်လို ဂရုစိုက်ပေးသင့်လဲ?
Photo by Caleb Fisher / Unsplash

အိမ်မွေးခွေးတွေ အသက်ကြီးလာတဲ့အခါ သူတို့အတွက် လုပ်ပေးရတဲ့ လိုအပ်ချက်တွေလည်း ပြောင်းလဲလာပါတယ်။ သက်ကြီးခွေးတွေကို ဘယ်လိုဂရုစိုက်ပေးသင့်လဲ သူတို့လိုအပ်ချက်အလိုက် ဘာတွေ ကျွေးပေးသင့်လဲဆိုတာ ပိုင်ရှင်တွေ သိထားဖို့ လိုအပ်ပါတယ်။ 

ခွေးတွေရဲ့ အသက်အရွယ် သတ်မှတ်ပုံ

1). ခွေးပေါက် (Puppy) - မွေးခါစကနေ (၁) နှစ်အရွ​ယ်အထိ အရွယ်ကို ခွေးပေါက်လို့ သတ်မှတ်ထားပါတယ်။ သူတို့ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးတဲ့အရွယ်မို့ အင်နာဂျီ အများကြီးပါတဲ့ အစာမျိုး ကျွေးပေးဖို့လိုတဲ့ အရွယ်ပါ။

2). ခွေးကြီး (Adult) - ဒီအရွယ်ကတော့ မျိုးစိတ်အလိုက်ကွာခြားနိုင်ပြီး ယေဘုယျအားဖြင့် အသက် (၁) နှစ်ကနေ (၇) နှစ်အထိလို့ သတ်မှတ်နိုင်ပါတယ်။ အကောင်သေးတဲ့ မျိုးစိတ်တွေက အကောင်ကြီးတွေထက် ဒီအရွယ်ရောက်တာပိုမြန်ပြီး ဒီအရွယ်မှာပဲ ပိုအချိန်ကြာတတ်ကြပါတယ်။ ခွေးကြီးအရွယ်မှာ ကိုယ်အလေးချိန်နဲ့ အင်နာဂျီနှစ်ခု အချိုးညီဖို့ သင့်တင့်မျှတပြီး အစုံပါတဲ့ အစားအသောက်မျိုး ကျွေးပေးဖို့လိုပါတယ်။

3). သက်ကြီးခွေး (Senior) - များသောအားဖြင့် အသက် (၇)နှစ်နဲ့အထက် ခွေးတွေကို သက်ကြီးခွေးအဖြစ် သတ်မှတ်နိုင်ပေမယ့် အရွယ်အစားအလိုက် ကွာခြားပါတယ်။ အကောင်သေးတဲ့ မျိုးစိတ်တွေက ဒီအရွယ်ကို ရောက်ဖို့ ပိုကြာနိုင်ပြီး အသက် (၁၀) နှစ်လောက်မှာ သက်ကြီးခွေးဖြစ်ကြပေမယ့် အရွယ်ကြီးတဲ့ ခွေးမျိုးစိတ်တွေမှာတော့ အသက် (၆) နှစ်လောက်မှာ သက်ကြီးခွေးတွေ ဖြစ်ကြပါတယ်။

သက်ကြီးခွေးအရွယ်ကို ရောက်လာကြောင်း ဘယ်လိုသိနိုင်လဲ?

အရွယ်အစားနဲ့ မျိုးစိတ်အလိုက် သက်ကြီးခွေး ဖြစ်တဲ့အရွယ်က ကွာခြားတတ်တာမို့ အောက်က လက္ခဏာတွေ ပြနေပြီဆိုရင် ယေဘုယျအားဖြင့် ဒီအရွယ်ရောက်လာပြီလို့ သတ်မှတ်နိုင်ပါတယ်။

  • အရင်ကလောက် သွက်သွက်လက်လက် မရှိတော့တာ
  • အမွေး (သို့) နှုတ်သီး အရောင်မှိုန်လာတာ
  • အရိုးအကြောတွေမာပြီး အရင်ကလောက် မလှုပ်ရှားနိုင်တော့တာ
  • ကိုယ်အလေးအချိန် အတက်အကျဖြစ်တာ
  • ရာသီဥတုနဲ့ အပူအအေးဒဏ်မခံနိုင်တာ

အသက် (၆) နှစ်နောက်ပိုင်းမှာ ဒီလိုလက္ခဏာတွေကို ဂရုပြုစောင့်ကြည့်သင့်ပြီး သူတို့ရဲ့ ရွှေရောင်နှစ်တွေမှာ သက်တောင့်သက်တာနဲ့ ကျန်းကျန်းမာမာနေနိုင်ဖို့ ဘာတွေလုပ်ပေးသင့်လဲ ကြည့်လိုက်ရအောင် …

သက်ကြီးခွေးတွေအတွက် ကျွေးပေးသင့်တဲ့ အစားအသောက်

သက်ကြီးခွေးဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဥ်တွေ နှေးကွေးလာပြီး လိုအပ်တဲ့ အာဟာရတွေလည်း ကွာခြားလာပါတယ်။ အရွယ်ငယ်တုန်းကထက် ကယ်လိုရီလိုအပ်မှုနည်းလာပြီး အားနည်းလာတဲ့ ခန္ဓာကိုယ်အတွက် အာဟာရတွေ ပိုမိုလိုအပ်လာပါတယ်။ 

  • သက်ကြီးခွေးတွေအတွက် ထုတ်ထားတဲ့ ကယ်လိုရီနည်းနည်း၊ အမျှင်ဓာတ်များများနဲ့ အိုမီဂါဖက်တီး အက်ဆစ်၊ glucosamine နဲ့ chondroitin ဓာတ်တွေပါတဲ့ အစာတွေရှိပါတယ်။ ဒီလိုအစာမျိုးတွေကို ရွေးချယ်ကျွေးပေးနိုင်ပြီး ကျွေးနေကျ အစာကနေ ဒီလိုမျိုး ပြောင်းမကျွေးခင် ကိုယ့်ခွေးရဲ့ မျိုးစိတ်နဲ့ လိုအပ်ချက်အလိုက် အကောင်းဆုံးဖြစ်မှာကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်နိုင်ပါတယ်။
  • သက်ကြီးခွေးတွေက အလေးအချိန်တက်လွယ်ပြီး အဝလွန်ခြင်း ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ အဝလွန်တဲ့အခါ ဆီးချိုသွေးချိုနဲ့ အရိုးအဆစ်ပြဿနာတွေ ဖြစ်နိုင်တာမို့ ကယ်လိုရီအများကြီး မကျွေးမိဖို့ ဂရုစိုက်သင့်ပါတယ်။ နည်းနည်းနဲ့ မကြာခဏကျွေးပေးတာက အစာခြေဖို့ အထောက်အကူပြုနိုင်ပြီး အားရှိစေဖို့ ပိုအထောက်အကူဖြစ်နိုင်ပါတယ်။
  • အမျှင်ဓာတ်နဲ့ အန်တီအောက်ဆီဒန့်ပါတဲ့ အစာတွေက သက်ကြီးခွေးတွေမှာ အစာအိမ်လမ်းကြောင်းနဲ့ ဆယ်လ်ပျက်စီးမှုတွေ ကာကွယ်ပေးဖို့ အထောက်အကူပြုပေးပါတယ်။ ဘလူးဘယ်ရီ၊ မုန်လာဥနဲ့ ဖရုံသီးတွေမှာ ဒီလိုဓာတ်တွေပါဝင်တာမို့ သင့်တော်သလို ကျွေးပေးသင့်ပါတယ်။
  •  Glucosamine & chondroitin လိုမျိုး ဓာတ်တွေက အရိုးအဆစ်နာခြင်းနဲ့ ရောင်ရမ်းခြင်းဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ အိုမီဂါ ဖက်တီးအက်ဆစ်ဆိုရင် အဆစ်၊​ ဦးနှောက် နဲ့ အရေပြားကျန်းမာရေးအတွက် ကောင်းစေတာမို့ သက်ကြီးခွေးတွေကို ဒီလိုမျိုး အားဆေးတွေ တိုက်ပေးနိုင်ပါတယ်။ ဒါပေမယ့် ထိရောက်ပြီး တိုက်လို့ရမရ ဆိုတာကို မတိုက်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။
  • သက်ကြီးခွေးတွေမှာ ရေဓာတ်ပြည့်ဝနေဖို့ အရမ်းအရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝခြင်းက အထူးသဖြင့် ကျောက်ကပ်မကောင်းတဲ့ သက်ကြီးခွေးတွေအတွက် ပိုမိုအကျိုးပြုနိုင်ပါတယ်။ ဒါ့ကြောင့် သန့်ရှင်းတဲ့ရေ ဖြည့်ပြီး တိုက်ပေးဖို့ အမြဲသတိထားသင့်ပြီး အစာခြောက်ကျွေးတဲ့အခါ အစာစိုပါ ထည့်ပေးပြီး ရေဓာတ်ပြည့်ဝနေဖို့ ဂရုစိုက်ပေးနိုင်ပါတယ်။ 

ခွေးလေးတွေမှာလည်း လူတွေလိုပဲ အသက်ကြီးလာတဲ့အခါ ပိုပြီးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး အစားအသောက် ဂရုစိုက်ပေးတဲ့အပြင် ဆရာဝန်နဲ့ ပုံမှန်ပြပေးတာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာ၊ အိမ်မှာ သက်တောင့်သက်တာဖြစ်အောင် ထားတာ၊ မပျင်းစေဖို့ အရုပ်တွေ ထားပေးတာ၊ သူတို့ကို အချိန်ပေးတာ စတာမျိုးတွေနဲ့ ဂရုစိုက်ပေးနိုင်ပါတယ်။ အိမ်မွေးတိတွေ မွေးတာဟာ သူတို့ရဲ့ တစ်ဘဝလုံးကို တာဝန်ယူရတာဖြစ်လို့ အသက်ကြီးလာတဲ့အခါမှာ သူတို့လေးတွေ သက်တောင့်သက်တာနဲ့ ကျန်းကျန်းမာမာနဲ့ နေသွားနိုင်ဖို့ ဒီအချက်တွေကို လိုက်လုပ်နိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ကိုယ်ရော စိတ်ရောကျန်းမာရေးကို အများကြီး အထောက်အကူပြုပေးနိုင်တဲ့ ကြင်နာမှုနဲ့ အချစ်တွေအများကြီး ပြသပေးဖို့လည်း မမေ့ပါနဲ့နော် …

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ