ခွေးတွေက အိပ်မက်မက်နိုင်လား?
ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွေးဖူးကြမှာပါ။ ဒါဆို ခွေးတွေက အိပ်မက်မက်နိုင်လား? မက်နိုင်တယ်ဆိုရင် ဘာတွေမက်တာလဲ? ဒီလို မေးခွန်းမျိုးတွေ ထွက်လာပါတယ်။ သိချင်တယ်ဆိုရင် အဆုံးထိဖတ်ကြည့်လိုက်ရအောင်နော်။
ခွေးတွေက အိပ်မက်မက်နိုင်လား?
မက်နိုင်ပါတယ်။ လေ့လာချက်အရ ခွေးတွေက အိပ်တဲ့အခါ လူတွေနဲ့ အိပ်စက်ပုံအဆင့်ချင်း ဆင်တူတယ်လို့ ဆိုပါတယ်။ ခွေးနဲ့ အခြားတိတွေက အိပ်တဲ့အခါ လူတွေလိုပဲ REM လို့ခေါ်တဲ့ အိမ်မက်မက်ခြင်းနဲ့ ဆိုင်တဲ့ အဆင့်တစ်ခုကို ကျော်ဖြတ်ရပါတယ်။ REM ဆိုတာ rapid eye movement လို့ခေါ်တဲ့ အိပ်စက်ခြင်းအဆင့် တစ်ခုဖြစ်ပြီး ဒီအဆင့်မှာ အိပ်မက်မက်ခြင်းဖြစ်ပေါ်တာပါ။ ခွေးလေးတွေကလည်း ဒီအိပ်စက်ခြင်းအဆင့်ကို ကြုံတွေ့ရတာမို့ သူတို့လည်း အိပ်မက်မက်နိုင်ပါတယ်။
ဘယ်လိုအိပ်မက်တွေမက်တာလဲ?
ခွေးတွေ ဘယ်လိုအိပ်မက်တွေမက်လဲ အတိအကျတော့ မသိနိုင်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ လူတွေလိုပဲ ခွေးတွေကလည်း သူတို့ရဲ့ ဘဝနဲ့ အတွေ့အကြုံတွေအလိုက် အိပ်မက်မက်ကြတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ခွေးတွေက ဒီလိုအိပ်မက်တွေ မက်လေ့ရှိကြတယ်လို့ သိရပါတယ်။
- နေ့စဥ်ဘဝ - ခွေးတွေက သူတို့ရဲ့ တစ်နေ့တာမှာဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေကို အိပ်မက်ထဲထည့်မက်တတ်ကြပါတယ်။ ဒီနေ့မှာ ပန်းခြံသွားခဲ့တယ််ဆိုရင် ပြေးတာ၊ ကစားတာ၊ အခြားခွေးတွေနဲ့ ဆော့တာ စတာတွေ ပြန်မက်တတ်ကြပါတယ်။
- သခင်အကြောင်း - ခွေးတွေက သူတို့သခင်ကို အရမ်းချစ်ကြတာမို့ မိသားစုဝင် ဟူးမန်းတွေနဲ့ ဖက်တာ၊ ကစားတာ၊ လမ်းလျှောက်ထွက်တာ စတဲ့ အိမ်မက်တွေလည်း မက်လေ့ရှိကြပါတယ်။
- သဘာဝအလျောက် တုံ့ပြန်ခြင်း - ခွေးတွေဟာ ဝံပုလွေမျိုးစိတ်ကဆင်းသက်လာတာမို့ အမဲလိုက်တာ၊ ကျွဲနွားမောင်းတာ စတဲ့ သဘာဝဗီဇတွေပါလာပါတယ်။ ဒါ့ကြောင့် ဒီအကြောင်းတွေကို အိပ်မက်မက်နိုင်ကြပြီး အိပ်နေတုန်း တွန့်တာ၊လှုပ်တာတွေ ဖြစ်ရခြင်းပါ။
- စိတ်ထဲမှာရှိနေတဲ့ ခံစားမှုတွေ - ခွေးတွေမှာလည်း လူတွေလိုပဲ စိတ်ထဲမှာ မဖြေရှင်းရသေးတဲ့ ခံစားချက်တွေဟာ အိပ်မက်ထဲမှာ ပေါ်လာတတ်ကြပါတယ်။ ဥပမာ ခွေးလေးတစ်ကောင်က စိတ်လှုပ်ရှားစရာ သို့ စိတ်ဖိစီးစရာ တစ်ခုခု လောလောလတ်လတ်ကြုံထားတယ်ဆိုရင် အဲ့ဒီခံစားချက်တွေကို အိပ်မက်ထဲထည့်မက်ကြပါတယ်။
ဒါ့ကြောင့်မို့ ခွေးလေးတွေလည်း အိပ်မက်မက်နိုင်ကြပါတယ်။ သူတို့ရဲ့ ဘဝနဲ့ နေစဥ်နေထိုင်မှုတွေကို မက်တတ်ကြတာမို့ ကိုယ့်ခွေးလေးတွေကို နေ့တိုင်း ကျန်းမာပျော်ရွှင်အောင်ထားဖို့ အကြောင်းပြချက်တစ်ခု ပိုတိုးတယ်လို့ ပြောနိုင်ပါတယ်။ ဒါမှ သူတို့လည်း အိမ်မက်ကောင်းကောင်းလေးတွေ မက်နိုင်မှာဖြစ်ပြီး အိပ်လို့ ယောင်တဲ့၊ လှုပ်တဲ့အခါမှာလည်း ပျော်စရာအိမ်မက်တွေ မက်နေမယ်ဆိုတာ အသေအချာ သိနိုင်မှာပါ …