ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?
“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြောင့် သူတို့အတွက် လုံခြုံပြီး ပျော်ဖို့ကောင်းတဲ့ ခရီးတွေဖြစ်ဖို့ အတွက်ပါ။ Leash Training လုပ်ပေးရတာဟာ အစပိုင်းမှာတော့ ခက်ခဲနိုင်တာမို့ စိတ်ရှည်ရှည်နဲ့ ပုံမှန်လေ့ကျင့်ပေးဖို့ လိုပါတယ်။ ဒါဆို Leash Training ကို တစ်ဆင့်ချင်း ဘယ်လိုလုပ်ရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။
အဆင့် (1) - လည်ပတ်ကြိုးနဲ့ အသားကျအောင်လုပ်ပါ
ကိုယ့်ခွေးအမျိုးအစားနဲ့ အရွယ်အလိုက် ရိုးရှင်းပြီး သက်တောင့်သက်သာရှိတဲ့ လည်ပတ်ကြိုးတစ်ခု ရွေးချယ်ပါ။ ဘာလေ့ကျင့်မှုမှ မလုပ်ခင် အဲ့ဒီလည်ပတ်ကြိုးကို ခွေးကို အရင် အနံ့ခံခိုင်းပြီး လေ့လာခိုင်းပါ။ ပြီးရင် လည်ပတ်ကြိုးကို ကော်လာမှာ ချိိတ်ပေးပြီး အသားကျအောင် အိမ်ထဲမှာပဲ အရင် လျှောက်သွားပါစေ။ စစချင်းမှာတော့ လည်ပတ်နဲ့ သက်တောင့်သက်သာဖြစ်မဖြစ်၊ လုံခြုံမှု ရှိမရှိဆိုတာကို အရင် စောင့်ကြည့်စေချင်ပါတယ်။
အဆင့် (2) - လည်ပတ်ကြိုးနဲ့ ကောင်းတဲ့ အရာတွေကို တွဲသိစေပါ
ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ လည်ပတ်ကြိုးဆွဲပေးလို့ ငြိမ်ငြိမ်နေလို့ မုန့်ကျွေးတယ် ဆိုရင် နောက်တစ်ခါ လည်ပတ်ကြိုး စွပ်ပေးဖို့ အဲ့လောက် မခက်ခဲတော့ပါဘူး။ ဒါ့ကြောင့် ဒီလို ဆုချတာမျိုး၊ “တော်လိုက်တာ” “Good boy” “Good girl” စတဲ့ ချီးကျူးစကား ပြောတာမျိုး လုပ်ပေးပါ။ အိမ်ထဲမှာပဲ လည်ပတ်ကြိုးကို ကိုင်ပြီး အတူလမ်းလျှောက် လေ့ကျင့်ပေးနိုင်ပါတယ်။ အဆင့် (2) ပဲရှိသေးတဲ့အတွက် တစ်ခါ လေ့ကျင့် ခဏပဲလုပ်ပေးသင့်ပါတယ်။ တစ်ခါပြီးတိုင်းမှာလည်း ဆုချဖို့ မမေ့နဲ့နော်။
အဆင့် (3) - “Walking Cue” စကားလုံးတွေသင်ပေးပါ
“Walking Cue” ဆိုတာ လမ်းလျှောက်စထွက်တော့မယ်ဆိုတာ သိဖို့ ခွေးလေးတွေအတွက် လွယ်ကူရိုးရှင်းတဲ့ စကားလုံးတွေပါ။ ဥပမာ - “လာ” “သွားမယ်” ဆိုတာမျိုးလေးတွေ သင်ပေးပြီး လမ်းလျှောက်စထွက်တော့မယ်ဆိုတာ သိစေပါ။ လည်ပတ်ကြိုးနဲ့ ဒီလို လမ်းလျှောက်စသင်တဲ့အခါမှာ လမ်းလျှောက်လိုက် ခဏရပ်လိုက် လုပ်ပေးပါ။ ကိုယ်ရပ်တဲ့အခါမှာ ခွေးလေးပါ လိုက်ရပ်လို့ရှိရင် မုန့်ကျွေးဆုချခြင်းဖြင့် လည်ပတ်ကြိုးနဲ့ လမ်းလျှောက်တဲ့အခါ ဟူးမန်းစကားကို နားထောင်ရမယ် ဆိုတာ သင်ပေးရာ ရောက်ပါတယ်။
အဆင့် (4) - ကိုယ်နဲ့ ခပ်နီးနီးကနေ လမ်းလျှောက်ဖို့ သင်ပေးပါ
လမ်းလျှောက်ထွက်ခဲ့အခါ ဟူးမန်းရဲ့ ဘေးနား ဒါမှမဟုတ် နောက်မလှမ်းမကမ်း ကနေ လျှောက်တတ်ဖို့ သင်ပေးဖို့လိုပါတယ်။ လိုက်လုပ်တဲ့အခါ မုန့်ကျွေးဆုချတာမျိုး လုပ်ပေးဖို့တော့ မမေ့နဲ့နော်။ ဒါပေမယ့် အစပိုင်းမှာ ခွေးလေးတွေကနေ ရှေ့ကနေ မြန်မြန်လျှောက်ပြီး ကြိုးကို ဆွဲတာမျိုး လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တဲ့အခါ လမ်းလျှောက်တာကို လုံးဝရပ်လိုက်ပါ။ ခွေးက ရှေ့ကနေ ကြိုးကိုဆွဲနေကို ရပ်လိုက်မှသာ လမ်းဆက်လျှောက်ပါ။ ဒါမှသာ ကြိုးကို ရှေ့ကနေပြီး ဆွဲနေမယ်ဆိုရင် လမ်းမလျှောက်ဘူးဆိုတာကို နားလည်ပြီး ကြာလာရင် မလှမ်းမကမ်းကနေပဲ လျှောက်ဖို့ အလေ့အကျင့်ရလာမှာ ဖြစ်ပါတယ်။
အဆင့် (5) - လေ့ကျင့်နေဆဲအချိန်မှာ နေရာ ခဏခဏ ပြောင်းပါ။
အိမ်ထဲကနေ ခြံထဲ၊ ခြံထဲကနေ အိမ်နား အနီးတစ်ဝိုက် စတာမျိုးနဲ့ လေ့ကျင့်ပေးတဲ့ နေရာကို တဖြည်းဖြည်းချင်း တိုးချဲ့နိုင်ပါတယ်။ နောက်ပိုင်းမှာ ကားလမ်းမဘေး ပလက်ဖောင်း၊ ပန်းခြံ စတဲ့ နေရာတွေအထိ လေ့ကျင့်ပေးလို့ရပါတယ်။ ဘယ်နေရာပဲဖြစ်ဖြစ် လေ့ကျင့်ပေးတဲ့ နည်းလမ်းတွေကတော့ အတူတူပဲဖြစ်သင့်ပါတယ်။ နေရာအလိုက် ကွာခြားနေမယ်ဆိုရင် ခွေးတွေအတွက် နားလည်ရခက်နိုင်လို့ပါ။
ကဲ … ဒါဆိုရင် ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးရမယ့် အဆင့်တွေကတော့ ဒီလောက်ပါပဲ။ သခင်နဲ့အတူတူ ဒီလိုလမ်းလျှောက်ထွက်ခြင်းက ဟူးမန်းနဲ့ ခွေးလေးကြားထဲက ခင်မင်ချစ်ခင်မှုလည်း ပိုတိုးသလို သူတို့အတွက် လုံခြုံပြီး ပျော်ဖို့ကောင်းတဲ့ ခရီးစဥ်တွေကိုလည်း ဖန်တီးပေးပါတယ်။ ဒီလို လည်ပတ်ကြိုးနဲ့ လေ့ကျင့်ပေးတာဟာ အချိန်ကြာနိုင်တာမို့ စိတ်ရှည်ရှည်ထားဖို့တော့ လိုပါတယ်။ လေ့ကျင့်ပေးတဲ့အခါမှာလည်း ခွေးလေးကို မုန့်ကျွေးတာ၊ ချီးကျူးစကားပြောပေးတာမျိုး လုပ်ပေးဖို့လည်း မမေ့စေချင်ဘူးနော်။