မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်
ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကို စောင့်ကြည့်ရတာ တိချစ်သူတိုင်းအတွက် နေ့ရက်တိုင်းက တန်ဖိုးရှိတဲ့ အချိန်တွေပါ။ သူတို့အသက်အလိုက် သဘာဝနဲ့ လိုအပ်ချက်တွေကို သိထားရင် ပိုဂရုစိုက်ပေးလို့ရတာမို့ ဘယ်အရွယ်မှာ ဘယ်လိုဖွိ့ဖြိုးလာလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။
- (၀) ပတ် မှ (၂) ပတ် - မွေးကင်းစ အရွယ်
မွေးကင်းစအရွယ်မှာ ကြောင်လေးတွေက သူတို့အမေ (သို့) စောင့်ရှောက်ပေးမယ့်သူ လိုအပ်ပါတယ်။ ဒီအရွယ်မှာ အရမ်းငယ်သေးတဲ့အတွက် အစာကျွေးပေးဖို့၊ နွေးထွေးမှုပေးဖို့ နဲ့ ကာကွယ်ပေးဖို့ လိုပါတယ်။ ကြောင်တွေက မွေးကင်းစမှာ မျက်စိမပွင့်သေးဘဲ နားရွက်တွေခေါက်ပြီး မွေးလာပြီး (၇) ရက်ကနေ (၁၀) ရက်အတွင်း မျက်စိပွင့်လာတတ်ပါတယ်။ ဒီအရွယ်မှာ မိခင်နို့ရည် (သို့) ကြောင်ဖော်မြူလာ ကလွဲပြီး ဘာမှ ကျွေးလို့မရသေးပါဘူး။
- (၂) ပတ် မှ (၄) ပတ် - မတ်တပ်စမ်းစအရွယ်
ဒီအရွယ်မှာ ကြောင်လေးတွေဟာ မျက်လုံးတွေ ပွင့်လာပြီး အကြားအာရုံလည်း ပိုကောင်းလာပါပြီ။ စစချင်းမှာ ကြောင်လေးတွေ အများစုက မျက်လုံး အပြာရောင် ရှိကြပေမယ့်လည်း အချိန်ကြာလာတဲ့အခါ အရောင်ပြောင်းသွားတတ်ပါတယ်။ ဒီအရွယ်မှာ စပြီးမတ်တပ်ရပ်နိုင်ပြီမို့ လမ်းတယိမ်းတယိုင် လျှောက်ပြီး ပတ်ဝန်းကျင်ကို စပ်စုတတ်ကြပါပြီ။ ဒီအရွယ်မှာလည်း မိခင်နို့ရည်နဲ့ ဖော်မြူလာကို အဓိက အားကိုးရပေမယ့် (၄) ပတ်အရွယ်လောက်မှာတော့ ကြောင်လေးတွေအတွက် ထုတ်ထားတဲ့ အစာပျော့မျိုး စားချင်တာမျိုးတော့ တွေ့ရနိုင်ပါတယ်။
- (၄) ပတ် မှ (၈) ပတ် - လမ်းလျှောက်တဲ့ အရွယ်
ဒီအရွယ်ဟာ ကြောင်တွေအတွက် အရေးကြီးတဲ့ အရွယ်လို့ ပြောလည်းမမှားပါဘူး။ ကြောင်လေးတွေဟာ ဒီအရွယ်မှာ သူတို့ ပတ်ဝန်းကျင်က အမေနဲ့ ညီအစ်ကို မောင်နှမတွေကို သတိထားမိပြီး သူတို့ အကျင့်တွေကိုပါ လိုက်အတုခိုးတတ်ကြပါတယ်။ ဒီအရွယ်မှာ အရင်ကထက် ပိုမို ငြိမ်လာပြီး ဟန်ချက်ညီညီ လမ်းလျှောက်နိုင်ကြပြီဖြစ်ပြီး တချို့ ကြောင်လေးတွေက ဒီအရွယ်ထိ မိခင်နို့ရည် အပေါ်မှီခိုကြပေမယ့် ကြောင်အစာနဲ့ ရေကို စပြီး တိုက်လို့ရပါပြီ။ ဒီအရွယ်ကြောင်လေးတွေက အဆော့လည်း အရမ်းသန်ကြပါတယ်။
- (၈) ပတ် မှ (၁၂) ပတ် - သင်ယူစူးစမ်းတဲ့ အရွယ်
(၂) လအရွယ်လောက်မှာ ကြောင်လေးတွေက အရမ်း Active ဖြစ်ပြီး ပတ်ဝန်းကျင်ကို စပ်စုပြီး စွန့်စားချင်ကြပါတယ်။ ကြောင်တွေရဲ့ သဘာဝပေးတဲ့ ရှင်သန်မှု စကေးတွေကို ဆော့တာ၊ ပတ်ဝန်းကျင်ကို လေ့လာစပ်စုတာ၊ ကစားတာတွေကနေ တစ်ဆင့် ဒီအရွယ်မှာ သင်ယူကြပါတယ်။
သွားစပေါက်တဲ့အရွယ်ဖြစ်ပြီး အကောင်ကြီးတာလည်းမြန်ပါတယ်။ မိခင်နို့ရည်လည်း လုံးဝပြတ်ပြီမို့ ကွာလတီကောင်းပြီး သူတို့နဲ့ သင့်တော်တဲ့ ကြောင်အစာကိုပဲ စားသင့်ပါတယ်။ ဒီအရွယ်ဟာ သူတို့ ဦးနှောက်နဲ့ အမူအကျင့်တွေ ဖွံဖြိုးတဲ့ အချိန်မို့ ကြောက်အောင်ခြောက်တာ၊ အကြမ်းပတမ်း ကိုင်တွယ်တာမျိုး မလုပ်သင့်ပါဘူး။
- (၃) လ မှ (၆) လ - ကြောင်ငယ်အရွယ်
ဒီအရွယ်မှာ ကြောင်လေးတွေရဲ့ မတူတဲ့ အကျင့်စရိုက်လေးတွေ စတွေ့မြင်နိုင်ပါတယ်။ ကြီးထွားမှုနှုန်းကလည်း မြန်ဆန်ပြီး အမြဲလိုလို သွက်လတ်နေတဲ့ အရွယ်ပါ။ ငယ်သွားလဲပြီး ကြီးသွားတွေ စထွက်လာပေမယ့်လည်း ကြောင်လေးတွေအတွက် ထုတ်ထားတဲ့အစာမျိုးပဲ ဆက်လက်ကျွေးသင့်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီအရွယ်ဟာ အင်နာဂျီနဲ့ ဖွံဖြိုးမှုအတွက် ပရိုတိန်းနဲ့ အဆီဓာတ်တွေ လိုအပ်တာကြောင့်ပါ။ နယ်မြေသတ်မှတ်ဖို့ စတင်ပြုလုပ်ကြတဲ့ အရွယ်မို့ ဒီအရွယ်မှာ သားကြောဖြတ်တာ (သို့) သင်းပေးသင့်တဲ့ အရွယ်လည်းဖြစ်ပါတယ်။
- (၆) လ မှ (၁၂) လ - မြီးကောင်ပေါက်အရွယ်
ဒီအရွယ်မှာတော့ ကြောင်လေးတွေက စိတ်ရော ကိုယ်ရော ပိုပြီး ရင့်ကျက်လာကြပါပြီ။ (၁၂) လ အရွယ် ဝန်းကျင်မှာ ထွားတာလည်းရပ်သွားပြီး ကြွက်သားတွေလည်း ဖွံ့ဖြိုးလာပါတယ်။ ကြောင်မွေးသူ တော်များများဟာ ဆရာဝန်ညွှန်ကြားချက်အတိုင်း အသက် (၁၂) လဝန်းကျင်မှာ ကြောင်ကြီးတွေအတွက် အစာကို ပြောင်းကျွေးကြလေ့ရှိပါတယ်။
ဒီလိုမျိုး ကြောင်လေးတွေရဲ့ အသက်အပိုင်းအခြားအလိုက် လိုအပ်ချက်နဲ့ သဘာဝတွေကို သိထားတာဟာ သူတို့တွေ ကျန်းကျန်းမာမာ ကြီးထွားဖို့ ဂရုစိုက်ပေးရာ နဲ့ အမူအကျင့်လေ့ကျင့်ပေးရာမှာ အကူအညီဖြစ်တာမို့ တိချစ်သူအားလုံး အကူညီ တစ်ခုခုရရှိသွားမယ်လို့ မျှော်လင့်ပါတယ်နော်။