ငါးတွေက တကယ်ပဲ မွေးရလွယ်လား?
ငါးတွေဟာ အိမ်မွေးတိတွေထဲမှာ မွေးရအလွယ်ဆုံးဆိုပြီး လူသိများကြပါတယ်။ ခွေးတွေကြောင်တွေလို အမွေးညှပ်ပေးရတာ၊ လက်သည်းညှပ်ပေးရတာ၊ လမ်းလျှော်ထွက်ပေးရတာမျိုး လုပ်ပေးစရာမလိုတာကြောင့် အလုပ်မရှုပ်ဘဲ တိမွေးချင်သူတွေအတွက် ငါးတွေက ပထမဆုံးရွေးချယ်ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် တခြားတိတွေလောက် အချိန်ပေးစရာမလိုတာနဲ့ဘဲ ငါးတွေက တကယ်ပဲ မွေးရလွယ်တာလား? သူတို့အတွက် တခြားလိုအပ်တာတွေ မရှိဘူးလားဆိုတာ မေးစရာဖြစ်လာပါတယ်။ ဒီမေးခွန်းတွေက ငါးမွေးဖို့ မဆုံးဖြတ်ခင်မှာ သိသင့်တာတွေဖြစ်လို့ pet.com.mm နဲ့အတူ အဖြေရှာကြည့်လိုက်ရအောင် …
ငါးတွေက မွေးရလွယ်တဲ့ တိတွေလား?
အပေါ်မှာ ပြောခဲ့သလိုပဲ ငါးတွေဟာ ခွေးတွေကြောင်တွေလောက် အချိန်မပေးရပေမယ့် မွေးပြီး လှည့်ကြည့်စရာမလိုလောက်အောင် မွေးရလွယ်တဲ့ တိတွေတော့ မဟုတ်ပါဘူး။ ငါးမျိုးစိတ်တိုင်းမှာလိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေ ရှိိသလို မျိုးစိတ်တစ်ခုချင်းစီမှာလည်း ကျွေးရမယ့်အစာ၊ ထားရမယ့်ကန်စတဲ့ မတူညီတဲ့ လိုအပ်ချက်တွေလည်းရှိပါတယ်။ ဒါ့ကြောင့် ငါးတစ်ကောင်မွေးဖို့ဆိုရင် အခြေခံလိုအပ်မယ့် အချက်တွေက ဘာဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်။
- ငါးမွေးကန်
ငါးတွေက အသက်ရှင်နေထိုင်နိုင်ဖို့ သူတို့ရဲ့ သဘာဝမှာ နေထိုင်ခဲ့သလို ပတ်ဝန်းကျင်မျိုးလိုအပ်ပါတယ်။ သူတို့တွေ ကျန်းမာပျော်ရွှင်ဖို့ အတော်အသင့် ကြီးမားပြီး သေချာတည်ဆောင်ထားတဲ့ ငါးမွေးကန်တစ်ခုက မရှိမဖြစ်ပါ။ ဒီလိုငါးမွေးကန်တစ်ခုဖြစ်ဖို့ဆို ဒီလိုအချက်တွေနဲ့ ကိုက်ညီသင့်ပါတယ်။
- ကန်အရွယ်အစား - ငါးစမွေးသူတော်တော်များများ လုပ်ကြတဲ့ အမှားက အရမ်းသေးတဲ့ကန်တွေနဲ့ မွေးတာပါပဲ။ ငါးတွေဟာ ရေကူးဖို့နဲ့ ကြီးထွားဖို့ တော်သင့်တဲ့ အကျယ်အဝန်းမျိုး လိုပါတယ်။ ဒါ့အပြင် ငါးမွေးကန်ကြီးလေ ရေရဲ့ ကွာလတီကို ထိန်းသိမ်းဖို့ ပိုလွယ်လေ ဖြစ်တာကြောင့် အရမ်းသေးတဲ့ ကန်မျိုးကိုရှောင်သင့်ပြီး မွေးမယ့်ငါးအမျိုးအစားအလိုက် အသင့်တော်ဆုံးဖြစ်မယ့် ကန်မျိုးကို သေချာလေ့လာပြီး ရွေးချယ်စေချင်ပါတယ်။
- ကန်သန့်ရှင်းရေး - ငါးတွေဟာ ရေကို အလွယ်တကူ ညစ်ပတ်စေနိုင်တဲ့ အညစ်အကြေးတွေ စွန့်ထုတ်ပါတယ်။ ဒါ့ကြောင့် သူတို့ကျန်းမာရေးအတွက် ရေထဲက အညစ်အကြေးနဲ့ အဆိပ်တွေကို သန့်ရှင်းပေးတဲ့ စနစ်ကောင်းကောင်းလိုအပ်ပြီး သန့်ရှင်းရေးနဲ့ ထိန်းသိမ်းရေးကို ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။
- ကန်အပူချိန် - အပူအပိုင်းဒေသကလာတဲ့ ငါးတွေဟာ အပူချိန် (၇၅) ကနေ (၈၀) ဒီဂရီ ဖာရင်ဟိုင်ရှိတဲ့ ရေနွေးနဲ့မွေးဖို့လိုပြီး ရေချိုငါးတွေကတော့ ရေနွေးနဲ့ မွေးစရာ မလိုပါဘူး။ ဒါ့ကြောင့် ငါးမွေးကန်ထဲက ရေအပူချိန်ကို တိုင်းဖို့ သာမိုစတက်တစ်ခုလိုအပ်ပြီး ငါးအမျိုးအစားအလိုက် လိုအပ်တဲ့ အပူချိန် ဟုတ်မဟုတ် အမြဲ တိုင်းတာသင့်ပါတယ်။
- အလင်းရောင် - ငါးမွေးကန်ထဲမှာ သဘာဝဖြစ်ဖြစ် လူလုပ်ဖြစ်ဖြစ် အလင်းရောင်ရဖို့ လိုပါတယ်။ ဒါဟာ ငါးတွေ သဘာဝမှာနေခဲ့သလို နေ့နဲ့ညကို အတုလုပ်ဖို့ ဖြစ်ပြီး သူတို့ရဲ့နေ့စဥ်ဘဝကို ထိန်းညှိပေးရာရောက်ပါတယ်။
- ရေကွာလတီနဲ့ ထိန်းသိမ်းရေး
ငါးတွေကို ဂရုတစိုက်မွေးဖို့ဆိုရင် ငါးကန်ရေ သန့်ရှင်းဖို့နဲ့ လိုအပ်ချက်အတိုင်း အချိုးကျဖို့ အရမ်းအရေးကြီးပါတယ်။ ရေမသန့်ရင် စိတ်ဖိစီးမှု၊ ရောဂါတွေနဲ့ သေဆုံးတဲ့ထိဖြစ်နိုင်တာမို့ လိုအပ်ချက်တစ်ချို့ကို ပြောရမယ်ဆိုရင်
- ငါးကန်အရွယ်အစားနဲ့ ငါးအရေအတွက်အလိုက် ရေရဲ့ (၁၀) ကနေ (၂၀) ရာခိုင်နှုန်းကို (၁) ပတ်ကနေ (၂) ပတ်တစ်ခါ အမြဲ လဲလှယ်ပေးဖို့လိုပါတယ်။
- ငါးကန်ရေတွေမှာ တည်ငြိမ်တဲ့ တိုင်းတာချက်တွေလိုပါတယ်။ ဘာတွေလဲဆိုတော့ pH, အမိုနီးယား၊ နစ်တရိုက်နဲ့ နိုက်တရိုက် အချိုးအစားတွေဖြစ်ပြီး လိုအပ်တဲ့အချိုးအစား ဟုတ်မဟုတ် အိမ်သုံးကိရိယာတစ်ခုနဲ့ အမြဲစစ်ဆေးသင့်ပါတယ်။
- ကလိုရင်းပါတဲ့ ရေက ငါးတွေနဲ့ မတည့်ပါဘူး။ ဒါ့ကြောင့် ရေအသစ်မထည့်ခင်မှာ ရေထဲကနေ ကလိုရင်းဓာတ်ဖယ်ရှားတဲ့ ဆေးရည် (conditioner) အမြဲသုံးပေးဖို့ လိုပါတယ်။
- သင့်တော်တဲ့အစာ
ငါးတွေက မျိုးစိတ်အလိုက် ကျွေးရမယ့် အစာတွေ ကွာခြားပါတယ်။ တချို့တွေက အရွက်စားပေမယ့် တချို့က အစုံစားတိတွေဖြစ်ပြီး တချို့ကတော့ အသားစားတွေဖြစ်တာကြောင့် သူတို့အတွက် သင့်တော်တဲ့အစာမျိုး ရွေးချယ်ပေးဖို့ လိုပါတယ်။
- ငါးတွေက အစာအမျိုးအစား အစုံကနေ လိုအပ်တဲ့ အာဟာရတွေရပါတယ်။ အစာခြောက်၊ အချပ် နဲ့ အကောင်အရှင် ဒါမှမဟုတ် ခဲထားတဲ့ အစာတွေကို လိုသလောက် အချိုးကျကျ ကျွေးပေးရပါတယ်။
- ငါးတွေကို တစ်ရက်မှာ တစ်ခါကနေ နှစ်ခါ ပမာဏအနည်းငယ်စီ ကျွေးပေးရပါတယ်။ လိုတာထက် ပိုကျွေးတွေက ရေညစ်ပတ်ဖို့ ပိုတွန်းအားပေးသလို ကျွေးပြီး မိနစ်ပိုင်းအတွင်း ကုန်မယ့်အစာကိုပဲ ကျွေးဖို့ အရေးကြီးပါတယ်။
- အကယ်၍ ကိုယ်မွေးထားတဲ့ ငါးက လူမွေးများတဲ့ မျိုးစိတ်မျိုးမဟုတ်ရင် ဘာကျွေးရမလဲဆိုတာ သေချာအရင် လေ့လာသင့်ပါတယ်။ အပေါ်မှာပြောခဲ့သလို ငါးတွေက မျိုးစိတ်အလိုက် ကျွေးရမယ့်အစာ လုံးဝကွာခြားတာကြောင့်ပါ။
ငါးတွေဟာလည်း အခြားတိတွေလိုပဲ ပျင်းတတ်ပါတယ်။ ဒါ့ကြောင့် ငါးကန်ထဲမှာ ပုန်းဖို့နေရာတွေ ထားပေးတာ၊ အပင်၊ ကျောက်စရစ်ခဲတွေနဲ့ အလှဆင်ပေးတာ၊ တခြားငါးတွေနဲ့ နေနိုင်တဲ့ မျိုးစိတ်တွေဆိုရင် အဖော်ထားပေးတာ စတာတွေ လုပ်ပေးသင့်ပါတယ်။
ငါးတွေက ခွေးတွေကြောင်တွေလို အမွေးညှပ်ပေးဖို့၊ လမ်းလျှောက်ထွက်ပေးဖို့ မလိုပေမယ့် မွေးရအရမ်းလွယ်တဲ့ တိတွေတော့မဟုတ်ပါဘူး။ သူတို့အတွက် လိုအပ်ချက်တွေက အခြားတိတွေနဲ့ မတူတာဖြစ်ပြီး တော်တော်များများက ငါးကန်တစ်ခုနဲ့ ရေထဲမှာထားရင် ရပြီလို့ထင်တတ်ကြပါတယ်။ ငါးတွေကို ဖြစ်ဖြစ်မြောက်မြောက် ဂရုတစိုက်မွေးဖို့ဆိုရင် အပေါ်မှာဖော်ပြခဲ့တဲ့ အခြေခံအချက်တွေအပြင် မျိုးစိတ်အလိုက်ကွဲပြားမှုတွေအတိုင်း လိုအပ်တာတွေ လိုက်လုပ်ပေးဖို့ လိုပါတယ်။ ဒီလိုမျိုး လုပ်ပေးနိုင်မယ်ဆိုရင် ငါးတွေကလည်း အိမ်ကို အလှဆင်ပေးရုံသာမကဘဲ အဖော်လည်းရစေတဲ့ တိလေးတွေဖြစ်တာမို့ မွေးဖို့လွယ်တယ်ဆိုတဲ့ အတွေးကိုဖျောက်ပြီး သေချာဂရုစိုက်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။