ပျော်ရွှင်ပြီး ယုံကြည်မှုရှိတဲ့ ကြောင်လေးတွေဖြစ်ဖို့
ကြောင်လေး ငယ်စဥ်မှာ သူတို့နဲ့ တရင်းတနှီး နေပေးတာက သူတို့လေးတွေကြီးလာတဲ့အခါ လိမ္မာပြီး ပျော်ပျော်နေတတ်တဲ့ ကြောင်လေးတွေ ဖြစ်ဖို့အတွက် အများကြီး အထောက်အကူပြုပါတယ်။ တရင်းတနှီးဆိုတဲ့ နေရာမှာ အိမ်မှာရှိတဲ့လူတွေ၊ တခြားတိလေးတွေနဲ့ ပတ်ဝန်းကျင် အနေအထားအမျိုးမျိုးနဲ့ ရင်းနှီးမှုရှိအောင် ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက ဘာမှမဟုတ်သလို ထင်ရပေမယ့် သူတို့ရဲ့ နောက်ပိုင်းနှစ်တွေရဲ့ နေထိုင်မှုပုံစံကို အများကြီး သက်ရောက်တာကြောင့် ကြောင်လေးအရွယ်မှာ လုပ်ပေးဖို့ အရေးကြီးပါတယ်နော်။
ကြောင်လေးတွေကို ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လုပ်ပေးဖို့ ဘာကြောင့် အရေးကြီးရသလဲ?
- ကြောက်စိတ်နဲ့ စိုးရိမ်စိတ်ကို လျှော့ချပေးတယ်
ကြောင်လေးအရွယ်မှာ လူတွေ၊ တခြားတိတွေနဲ့ ပတ်ဝန်းကျင်နဲ့ တရင်းတနှီးရှိခဲ့တဲ့ ကြောင်တွေဟာ ကြီးလာတဲ့ အခါ ကြောက်တတ်ပြီး စိုးရိမ်စိတ််မများတော့ပါဘူး။ ငယ်စဥ်ဘဝမှာ အလေ့အကျင့်ရှိခဲ့တဲ့အတွက် ပတ်ဝန်းကျင် အသစ်တွေမှာလည်း တည်တည်ငြိမ်ငြိမ်ရှိကြပြီး စိုးရိမ်စိတ်များတာမျိုးလည်း မရှိတဲ့အတွက် သူတို့ရဲ့ စိတ်ကျန်းမာရေးမထိခိုက်စေပါဘူး။
- လူတွေအပေါ်မှာ မကြမ်းကြုတ်ဘူး
ကြောင်လေးဘဝမှာတည်းက လူတွေက မိတ်ဆွေတွေ သူတို့ကို ချစ်ခင်သူတွေကို သိထားပြီးဖြစ်တဲ့အတွက် လူတွေကို ကြမ်းကြုတ်တာမျိုး မရှိတော့ပါဘူး။ အချီခံ၊ အကိုင်ခံပြီး လူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ပြီး လူတွေအပေါ်မှာလည်း ယုံကြည်စိတ်ရှိကြပါတယ်။ အသက်ကြီးလာတဲ့အခါမှာလည်း သခင်တွေအပေါ် ချစ်ခင်တွယ်တာပြီး ကြမ်းကြုတ်တဲ့ အပြုအမူမျိုးတွေ မရှိတတ်ကြပါဘူး။
- ဆေးခန်းပြတဲ့အခါနဲ့ သန့်ရှင်းရေးလုပ်ပေးတဲ့အခါမှာ လွယ်ကူတယ်
ငယ်ငယ်တည်းက ပတ်ဝန်းကျင်ကို မကြောက်တတ်အောင် လေ့ကျင့်ပေးထားတဲ့ကြောင်လေးတွေက ဆေးခန်းပြတဲ့အခါမှာရော၊ သန့်ရှင်းရေး (လက်သည်းညှပ်၊ အမွေးဖြီး) လုပ်ပေးတဲ့အခါမှာ ပိုပြီးလွယ်ကူပါတယ်။ အကိုင်ခံ၊ အစမ်းသပ်ခံတဲ့အခါမှာ ပိုပြီးငြိမ်ကြတာကြောင့် ဒီလို ဆေးခန်းနဲ့ Spa သွားတဲ့အခါမှာ ခက်ခဲတာမျိုး မဖြစ်တော့ပါဘူး။
- တခြားတိတွေနဲ့လည်း အဆင်ပြေပြေနေနိုင်တယ်
အိမ်မှာတခြားတိတွေရှိပြီးသား ဒါမှမဟုတ် နောက်မှထပ်မွေးမယ့် အစီအစဥ်ရှိတယ်ဆိုရင် ကြောင်လေးတွေကို သေချာလေ့ကျင့်ပေးထားခြင်းက အခြားတိတွေနဲ့ အဆင်မပြေတာ၊ နေရာလုတာ စတဲ့ ပြဿနာတွေကနေ ကာကွယ်နိုင်ပါတယ်။
- ကြောင်လေးတွေ အသက်ကြီးလာတဲ့အခါမှာလည်း လွယ်ကူအဆင်ပြေစေတယ်
လူတွေ၊ တိတွေ၊ ပတ်ဝန်းကျင်တွေနဲ့ မစိမ်းခဲ့တဲ့ ကြောင်လေးတွေက အသက်ကြီးလာတဲ့အခါမှာလည်း ပြောင်းလဲမှုကို လက်ခံလွယ်ပါတယ်။ ဥပမာ - အိမ်အသစ်ပြောင်းတာ၊ လူအသစ်တွေနဲ့ တွေ့တာမျိုးဆိုရင် အရမ်းစိတ်ဖိစီးတာမျိုး မဖြစ်ကြဘဲ အတွေ့အကြုံသစ်၊ လူသစ်တွေကို အဆင်ပြေပြေ လက်ခံနိုင်စွမ်း ရှိကြပါတယ်။
ဒါဆိုရင် ဘယ်အရွယ်မှာ စလုပ်ပေးသင့်လဲ?
ပုံမှန်အားဖြင့် ကြောင်လေးတွေကို အသက် (၂) ပတ် ကနေ (၇) ပတ်အတွင်းမှာ ပတ်ဝန်းကျင်နဲ့ မိတ်ဆက်ပေးသင့်ပါပြီ။
(၂) ပတ် မှ (၄) ပတ် - ဖြည်းဖြည်းချင်း လူနဲ့ အထိအတွေးကို ရင်းနှီးအောင် ညင်ညင်သာသာ စပြီးကိုင်တွယ်နိုင်ပါတယ်။ ပတ်ဝန်းကျင်ကို စူးစမ်းဖို့ ခွင့်ပြုပေးပြီး ပစ္စည်းတစ်ချို့နဲ့ ညင်သာတဲ့ အသံတွေနဲ့ စပြီး မိတ်ဆက်ပေးနိုင်ပါတယ်။
(၄) ပတ် မှ (၇) ပတ် - အိမ်မှာရှိတဲ့ တခြားလူတွေကို ဖြည်းဖြည်းချင်း ကိုင်တွယ်ခွင့်ပြုတာ၊ (ကာကွယ်ဆေးထိုးထားတဲ့) တခြားတိတွေနဲ့ ပေးတွေ့တာမျိုးလုပ်နိုင်ပါတယ်။ ဒီလိုအချိန်တွေမှာတော့ မျက်ခြေမပြတ် စောင့်ကြည့်သင့်ပြီး ချီးကျူးစကားဆိုပေးတာ၊ မုန့်ကျွေးတာမျိုးနဲ့ ကောင်းတဲ့အရာတွေနဲ့ တွဲမှတ်မိအောင် လုပ်သင့်ပါတယ်။ တချို့ ပတ်ဝန်းကျင်အသစ် (ခြံထဲ၊ အိိမ်ထဲ) မျိုးကိုလည်း ညင်သာပြီး စိတ်မဖိစီးစေတဲ့ နည်းလမ်းမျိုးတွေနဲ့ မိတ််ဆက်ပေးနိုင်ပါတယ်။
(၇) ပတ်နဲ့အထက် - ဒီလိုမျိုး အသစ်အသစ်တွေနဲ့ ရင်းနှီးအောင် မိတ်ဆက်ပေးခြင်းက ကြောင်လေးကြီးလာတဲ့ အလျောက် လုပ်ပေးသွားရမှာဖြစ်ပေမယ့် ဒီလိုငယ်တဲ့အချိန်က အရေးကြီးဆုံးပါပဲ။ လူသစ်၊ နေရာအသစ်၊ အတွေ့အကြုံအသစ်တွေနဲ့ ရင်းနှီးအောင် ဆက်လက်လုပ်ဆောင်ပေးသွားသင့်ပါတယ်။
ဒီလိုလေ့ကျင့်ပေးတဲ့အခါမှာ ကြောင်တစ်ကောင်နဲ့ တစ်ကောင် ပါဆင်နယ်လတီ မတူကြတာကို မမေ့စေချင်ပါဘူး။ တချို့ အနေအေးပြီး အချိန်ယူဖို့လိုတဲ့ ကြောင်လေးတွေရှိသလို သွက်လက်ပြီး ရင်းနှီးလွယ် တတ်လွယ်တဲ့ ကြောင်လေးတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လေးတွေကို စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ပေးဖို့ လိုအပ်ပြီး ချီးကျူးစကားတွေပြောပေးတာ၊ မုန့်ကျွေးတာ စတာတွေ လုပ်ပေးသင့်ပါတယ်။ ကြောင်လေးအရွယ်မှာ ဒီလိုသေချာ ပျိုးထောင်ပေးတယ်ဆိုရင် သူတို့ရဲ့ လူကြီးအရွယ်မှာ ပျော်ရွှင်ပြီး ယုံကြည်မှုရှိတဲ့ ကြောင်တွေအဖြစ် နေနိုင်ကြမှာဖြစ်လို့ ကြောင်ချစ်သူတို့ လိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။