ပရိဘောဂတွေကို ကြောင်လက်သည်းကနေ ကာကွယ်ဖို့

ပရိဘောဂတွေကို ကြောင်လက်သည်းကနေ ကာကွယ်ဖို့
Photo by Doloresz Dombi / Unsplash

ကြောင်တွေဟာ အိမ်မွေးတိတွေထဲမှာ မွေးရအလွယ်ဆုံး တိတွေထဲ ပါပေမယ့် တစ်ခုစိုးရိမ်စရာရှိတာကတော့ လက်သည်းကုတ်ခြင်းပါ။ အိမ်မှာရှိတဲ့ ပရိဘောဂနဲ့ ကော်ဇောတွေ ရစရာမရှိအောင် ကုတ်ခြစ်ထားတာမျိုးလည်း မဖြစ်အောင်၊ ကြောင်လေးတွေလည်း သူတို့ သဘာဝအတိုင်း ကုတ်ချင်ကုတ်လို့ရအောင် နှစ်ဖက်လုံး အဆင်ပြေစေမယ့် အချက်လေးတွေ အချို့ ပြောပြချင်ပါတယ်။

အရင်ဆုံး ဒီလို လက်သည်းနဲ့ ကုတ်ခြစ်တာဟာ အကြောင်းအရင်းမဲ့တော့ မဟုတ်ပါဘူး။ သဘာဝအတိုင်းလည်း ဖြစ်သလို အကြောင်းအရင်းတချို့လည်း ရှိပါတယ်။

- လက်သည်းသွေးချင်လို့

- ကိုယ်ပိုင်နေရာ သတ်မှတ်ချင်လို့

- ကိုယ်လက်လှုပ်ရှားချင်လို့

- စိတ်ဖိစီးမှုလျော့ဖို့

- ဆော့ကစားပြီး စပ်စုချင်လို့

- ပျင်းလို့ စတာတွေဖြစ်ပါတယ်။

အိမ်က ပရိဘောဂနဲ့ အသုံးအဆောင်တွေကို မကုတ်အောင် ဘယ်လိုလုပ်နိုင်လဲ?

1). ကုတ်တိုင်တွေ ထားပေးပါ

လက်သည်းနဲ့ ကုတ်ခြစ်တာဟာ သူတို့ သဘာဝဖြစ်တာမို့ အလွယ်တကူ ကုတ်နိုင်တဲ့ တိုင်တွေထားပေးထားတယ်ဆိုရင် ပရိဘောဂနဲ့ အသုံးအဆောင်တွေကို ရန်ရှာမှာ စိတ်ပူစရာမလိုတော့ပါဘူး။ ဒီလိုကုတ်တိုင်တွေက ကြောင်တွေ လက်သည်းကုတ်နိုင်ဖို့ သီးသန့်ထုတ်ထားတာဖြစ်တဲ့အတွက် သူတို့လက်သည်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပြီး ကြောင်တွေလည်း အိမ်က အသုံးအဆောင်တွေထက် ဒါမျိုးကို ကုတ်ရတာ ပိုနှစ်သက်ကြပါတယ်။

ကုတ်လို့ရတဲ့အပြင် တွယ်တက်ပြီး ကစားနိုင်တာကြောင့် သူတို့ လေ့ကျင့်ခန်းလုပ်ဖို့ အရုပ်တစ်ခုလိုလည်း ဖြစ်စေပါတယ်။

2). ပရိဘောဂတွေကို ဖုံးထားပါ

ကြောင်ကုတ်နေကျ ဆိုဖာနဲ့ အခြား ပရိဘောဂတွေကို ခဏဖုံးအုပ်ထားတာလည်း ကုတ်တတ်တဲ့ အကျင့်ကို ပျက်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ နှစ်ဖက်ကပ်တဲ့ တိပ်၊ ပလတ်စတစ် ဒါမှမဟုတ် အလူမီနီယမ် အပြား မျိုးသုံးပြီး ဖုံးလို့ရပါတယ်။ ကြောင်တွေဟာ ဒီအရာတွေကို မကြိုက်နှစ်သက်ကြတာကြောင့် ပရိဘောဂတွေကို မကုတ်ဖို့ အထောက်အကူဖြစ်စေမှာပါ။

3). ကြောင်မကြိုက်တဲ့ အနံ့ပါတဲ့ စပရေးဖြန်းပေးပါ

လူတွေအတွက် အနံ့မရှိပေမယ့် ကြောင်တွေမကြိုက်တဲ့ အနံ့ပါတဲ့ စပရေးတွေရှိပါတယ်။ ဒီလို ပရိဘောဂနဲ့ ကော်ဇောတွေ အရမ်းပျက်စီးနေတာကနေ ကာကွယ်ဖို့အတွက် ဖြန်းလို့ရပြီး ကြောင်တွေအတွက်လည်း အန္တရာယ်မဖြစ်စေပါဘူး။

4). လက်သည်းအကာသုံးပါ

ကြောင်လက်သည်း အကာတွေက အိမ်ပစ္စည်းတွေကို အလွန်အကျွံ ကုတ်ခြင်းကနေ ကာကွယိပေးနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ ကြောင်လက်သည်းမှာ ကပ်နိုင်တဲ့ အကာတွေဖြစ်ပြီး ကုတ်တဲ့အခါ ပစ္စည်းတွေ ပျက်စီးခြင်း မရှိတော့ပါဘူး။ တစ်ခါကပ်ရင် (၄)ပတ် ကနေ (၅)ပတ်အထိ ခံပြီးတော့ လက်သည်းရှည်လာတဲ့အခါ အလိုလို ကွာကျသွားပါလိမ့်မယ်။ ကြောင်လက်သည်း အကာတွေက အရောင်စုံ ဆိုဒ်စုံရှိတာကြောင့် ချစ်ဖို့လည်းကောင်းပြီး ပရိဘောဂတွေကို ကုတ်ခြစ်ရာကနေ ကာကွယ်နိုင်ပါတယ်။

5). ကြောင်လေးကို လေ့ကျင့်ပေးပါ

ကုတ်တိုင်မှာ လက်သည်းသွေးတဲ့အခါ မုန့်ကျွေးပြီး ဆုချတာ၊ ပရိဘောဂတွေကို ကုတ်နေပြီဆိုရင် ကုတ်တိုင်နားကို ချီပြီး ကုတ်ခိုင်းပြီး လိုက်လုပ်ရင် မုန့်ကျွေးတာမျိုးနဲ့ လေ့ကျင့်ပေးလို့ရပါတယ်။ ဒီလိုအပြုသဘောနဲ့ ဆုချလေ့ကျင့်ပေးတာ ရေရှည်အတွက် ကောင်းပြီးတော့ ပရိဘောဂတွေ ကုတ်လို့ ရိုက်တာ၊ အပြစ်ပေးတာမျိုး မလုပ်သင့်ပါဘူး။ ဒီလိုလုပ်တာဟာ ကုတ်တာကို မရပ်တန့်နိုင်တဲ့အပြင် ကြောင်တွေအတွက် စိတ်ဖိစီးမှုနဲ့ ကြောက်စိတ်ကိုသာ ပိုမိုဖြစ်စေမှာပါ။

 6). အခြားနည်းလမ်းတွေ

ကြောင်တွေဒီလို ကုတ်ခြစ်တဲ့ အကြောင်းအရင်းတွေထဲမှာ ပျင်းလို့လည်းပါပါတယ်။ ဒါ့ကြောင့် သူတို့အတွက် ကစားစရာနဲ့ ဆော့ဖို့ အရုပ်တွေထားပေးခြင်းကလည်း ဒီပြဿနာကို အနည်းနဲ့ အများဖြေရှင်းပေးမှာပါ။

တစ်ခါတစ်ရံ အိမ်မှာရှိတဲ့ ပရိဘောဂနဲ့ ပစ္စည်းတွေကို နေရာ အပြောင်းအရွှေ့လုပ်ပေးတာကလည်း သူတို့ရဲ့ အကျင့်ကိုပျက်စေနိုင်တာမို့ လုပ်ကြည့်စေချင်ပါတယ်။။

7). လက်သည်းညှပ်ပေးပါ

အပေါ်ကနည်းလမ်းတွေနဲ့ ဘယ်လိုလုပ်လုပ် မရဘူးဆိုရင် ကြောင်လက်သည်းညှပ်ပေးတာကတော့ နောက်ဆုံး ဖြေရှင်းချက်တစ်ခုပါ။ စစချင်းမှာ တစ်ချောင်း နှစ်ချောင်းလောက်ပဲ အရင်ညှပ်ပေးပြီး ညှပ်ပြီးတိုင်း မုန့်ကျွေးရင် နောက်ပိုင်း ညှပ်ရတာ ပိုလွယ်ကူပါလိမ့်မယ်။ ကြောင်လက်သည်း ဘယ်လိုညှပ်ပေးရမလဲ မသေချာရင်တော့ ဆရာဝန်ကို သေချာမေးမြန်းရင် အကောင်းဆုံးပါ။ ဒီလို လက်သည်းတိုတိုထားပေးတာဟာ ကုတ်တာကြောင့်ညပရိဘောဂနဲ့ အခြားပစ္စည်းတွေ အလွန်အကျွံ ပျက်စီးတာကနေ ကာကွယ်ပေးမှာပါ။ ဒါပေမယ့်လည်း ဒီလိုလုပ်ခြင်းက ကြောင်တွေကို သူတို့ သဘာဝကနေ သွေဖယ်ရာရောက်တယ်လို့ ထင်ကြသူတွေရှိတာကြောင့် အပေါ်က အချက်တွေလုပ်ပြီးလို့ အဆင်မပြေတော့မှ လုပ်စေချင်ပါတယ်နော်။

ကြောင်တွေ ကုတ်ခြစ်ပြီး လက်သည်းသွေးတာဟာ သူတို့ သဘာဝမို့ လုံးဝကြီး ရပ်တန့်သွားအောင် လုပ်လို့မရပါဘူး။ ဒါပေမယ့်လည်း ပရိဘောဂတွေ ပျက်စီးတာကနေ ကာကွယ်ဖို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို လိုက်လုပ်ကြည့်ပြီး အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ