ပထမဆုံးငှက်မွေးမယ့်သူတွေ ပြင်ဆင်သင့်တဲ့ အချက်များ
ငှက်မွေးဖို့ စဥ်းစားနေကြတဲ့ တိချစ်သူတွေရှိကြလား?
ငှက်လေးတွေမွေးထားတာ အဖော်လည်းရသလို ဉာဏ်ကောင်းတဲ့ တိတွေဖြစ်တာကြောင့် ကမ္ဘာတစ်ဝန်းမှာ အချစ်ခံရကြပါတယ်။ ဒါပေမယ့် ငှက်မွေးဖို့ဆိုရင် သိသင့် လုပ်သင့်တဲ့ လိုအပ်ချက်တွေက ခွေးတွေ ကြောင်တွေနဲ့ မတူပါဘူး။ ဒါ့ကြောင့် ငှက်အခုမှစမွေးမယ့်သူတွေ၊ ငှက်မွေးချင်ကြတဲ့ တိချစ်သူတွေအတွက် ငှက်မမွေးခင်မှာ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
အဆင့် (၁) - ငှက်မျိုးစိတ်တွေကို အရင်လေ့လာမယ်
ငှက်မမွေးခင်မှာ ပထမဆုံးအနေနဲ့ ငှက်မျိုးစိတ်တွေနဲ့ မွေးမယ်ဆိုရင် ဘာတွေလိုအပ်လဲဆိုတာ အရင်ဆုံးသိသင့်ပါတယ်။ တချို့ငှက်တွေ (ဥပမာ - parakeet) ဆိုရင် အရွယ်သေးပြီး လူခင်တတ်ကြတာကြောင့် အခုမှ စမွေးမယ့်သူတွေအတွက် သင့်တော်ပါတယ်။ လူခင်တတ်ပြီး လေ့ကျင့်ပေးလို့လွယ်တဲ့ Cockatiels မျိုးစိတ်ဆိုရင် ငှက်စမွေးမယ့်သူတွေ တော်တော်များများ ရွေးချယ်တာကို တွေ့ရပါတယ်။ အရွယ်ကြီးတဲ့ ငှက်တွေ (ဥပမာ - African Grey Parrot, Cockatoo) လိုမျိုး မွေးချင်တယ်ဆိုရင် နေရာကျယ်ကျယ်ဝန်းဝန်း ရှိဖို့ လိုအပ်တာကြောင့် မျိုးစိတ်အလိုက် လိုအပ်ချက်တွေ မတူကြပါဘူး။
မွေးဖို့ယျာထားတဲ့ ငှက်မျိုးစိတ်တွေရဲ့ အသက်ရှင်နိုင်တဲ့ သက်တမ်းကိုလည်း လေ့လာထားသင့်ပါတယ်။ တချို့ ငှက်တွေ ဆယ်စုနှစ်ချီ အသက်ရှင်နိုင်ကြပြီး တချို့ငှက်တွေကတော့ လေးငါးနှစ်သာရှင်နိုင်ကြတာမို့ပါ။ မွေးချင်တဲ့ ငှက်မျိုးစိတ်တွေရဲ့ သဘာဝ၊ စားတဲ့အစားအစာတွေကို လည်း ကြိုလေ့လာထားစေချင်ပါတယ်။ ဒါမှ ကိုယ်နဲ့ အဆင်ပြေမပြေ ဥပမာ - တိတ်တိတ်ဆိတ်ဆိတ်နေချင်သူတွေဆို အသံအရမ်းထွက်တတ်ကြတဲ့ ငှက်မျိုးစိတ်တွေရှိတာမို့ အဆင်မပြေနိုင်ပါဘူး။ ဒီလိုလေ့လာထားခြင်းအားဖြင့် ကိုယိနဲ့ အကိုက်ညီဆုံး ငှက်မျိုးစိတ်ကို ဆုံးဖြတ်ချက်ချနိုင်မှာပါ။
အဆင့် (၂) - လိုအပ်တာတွေ ကြိုဝယ်ထားမယ်
မမွေးခင်မှာ ငှက်နေဖို့အတွက် အိမ်မှာလိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ ပစ္စည်းအသစ်တွေ ဝယ်ထည့်သင့်ပါတယ်။
- ငှက်မွေးမယ်ဆိုရင် လှောင်အိမ်တစ်ခု မရှိမဖြစ်လိုပါတယ်။ လှောင်အိမ်ရွေးတဲ့အခါမှာလည်း မွေးမယ့် ငှက်အရွယ်အစားအလိုက် သူတို့အတွက် ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ လှောင်အိမ်မျိုး ရွေးစေချင်ပါတယ်။ လှောင်အိမ်အရွယ်အလိုက် ကိုက်ညီမယ့် အိပ်ဖို့ နားတို့ အကိုင်း/အတန်းလည်း လိုပါတယ်။
- ငှက်လေး မပျင်းဖို့နဲ့ သူတို့ကျန်းမာရေးအတွက် ဆော့စရာအရုပ်လေးတွေလည်း ကြိုဝယ်ထားရင် အကောင်းဆုံးပါ။ အရုပ်ဝယ်တဲ့အခါမှာ ငှက်တွေအတွက် အန္ဒရာယ်မဖြစ်တဲ့ သစ်သား၊ သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတဲ့ အရုပ်မျိုးတွေပဲ ရွေးချယ်စေချင်ပါတယ်။
- လှောင်အိမ်ကိုလည်း နေရောင်ပြင်းပြင်းထိုးတဲ့ နေရာမျိုး၊ မီးဖိုချောင်နဲ့ နီးပြီး အငွေ့ရတဲ့နေရာ မီးနဲ့ နီးတဲ့ နေရာမျိုးမှာ မထားသင့်ပါဘူး။ ငှက်တွေက ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ထိခိုက်နိုင်တာမို့ပါ။
အဆင့် (၃) - အိမ်မှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်မယ်
ငှက််လေးတွေက စပ်စုပြီးသိလိုစိတ်များတဲ့ သဘာဝရှိတဲ့အတွက် ဝင်လို့ရတဲ့ နေရာတိုင်းကို ပျံတတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ လုံခြုံမှုအတွက် အိမ်မှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။
- အိမ်မှာ အပင်တွေ ရှိတယ်ဆိုရင် ငှက်တွေက စားတတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့အတွက် အဆိပ်ဖြစ်နိုင်တဲ့ အပင်တွေဆိုရင် ဖယ်ရှားပစ်တာ (သို့) သူတို့မသွားနိုင်တဲ့ နေရာမှာ ပြောင်းရွှေ့သင့်ပါတယ်။
- ငှက်မွေးမယ်ဆိုရင် အိမ်မှာရှိတဲ့ ပြတင်းပေါက်တွေကို အမြဲမဖွင့်ထားသင့်ပါဘူး။ ပြတင်းပေါက်နဲ့ မှန်တွေတွေ့တဲ့အခါ ဝင်တိုးပြီး ပျံတတ်ကြတာမို့ ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။ လှောင်အိမ်ထဲမှာ မနေတဲ့အချိန်ဆိုရင် ပြတင်းပေါက်ပိတ်ထားတာ၊ မှန်တွေရှိရင် ကာထားတာမျိုး လုပ်နိုင်ပါတယ်။
- ငှက်တွေဟာ ဝါယာကြိုး၊ မီးကြိုးတွေတွေ့ရင် ကိုက်တတ်ကြတာမို့ သူတို့မမြင်နိုင်တဲ့နေရာမှာထားတာ (သို့) သေချာ လုံခြုံအောင်ထားသင့်ပါတယ်။
အဆင့် (၄) - အသင့်တော်ဆုံး ငှက်စာ ရွေးချယ်မယ်
ငှက်တစ်ကောင် ကျန်းမာပြီး သက်တမ်းစေ့နေနိုင်ဖို့ဆို သင့်တင့်မျှတတဲ့ အစားအသောက်မျိုး လိုအပ်ပါတယ်။ ငှက်အများစုက အစာစေ့၊ အစာခြောက်၊ အသီးအရွက်တွေစားပေးဖို့ လိုပါတယ်။
- အစာခြောက်က ငှက်တွေအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေရရှိနိုင်ဖို့ ထုတ်ထားတဲ့ အစားအစာဖြစ်တာမို့ ငှက်ရဲ့ အဓိကစားတဲ့ အစားအသောက်ဖြစ်သင့်ပါတယ်။
- အစာစေ့ဆိုတာ နေကြာစေ့၊ ပြောင်းဆန်၊ ပန်းကြာပန်း (safflower) စတဲ့ အပင်တွေကရတဲ့ အစေ့တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ သဘာဝကရတဲ့ အစာဖြစ်ပေမယ့် အဆီပါဝင်မှု အရမ်းများတဲ့အတွက် အမြဲတမ်းမကျွေးသင့်ပါဘူး။
- ပန်းသီး၊ မုန်လာဥ၊ ဟင်းနုနွယ်ရွက်၊ ဘယ်ရီသီး စတာတွေကိုလည်း ရံဖန်ရံခါ ကျွေးနိုင်ပါတယ်။ ငှက်တွေနဲ့ မတည့်တဲ့ အသီးအရွက် (ဥပမာ - ထောပတ်သီး) တွေလည်း ရှိနိုင်တာမို့ မကျွေးခင်မှာ တည့်မတည့် အရင်ဆုံးလေ့လာသင့်တယ်နော်။
မွေးမယ့် ငှက်မျိုးစိတ်အလိုက် အကောင်းဆုံးဖြစ်မယ့် အစားအစာကို ရွေးချယ်စေချင်ပါတယ်။
အဆင့် (၅) - အတွေ့အကြုံရှိတဲ့ တိရိစ္ဆာန်ကု ဆရာဝန်ကို ရွေးချယ်ပါ
တခြား အိမ်မွေးတိတွေလိုပဲ ငှက်တွေဟာလည်း ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့ လိုပါတယ်။ ငှက်တွေအကြောင်း သေချာနားလည်ပြီး အတွေ့အကြုံရှိတဲ့ ဆရာဝန်ကို ကြိုတင် လေ့လာစုံစမ်းစေချင်ပါတယ်။
ငှက်စမွေးတဲ့အချိန်မှာလည်း ကျန်းမာရေးကောင်းမကောင်းသိရဖို့နဲ့ အစားအသောက်၊ ပြုစုရမယ့်ပုံစံနဲ့ အခြား အကြံဉာဏ်တွေ တောင်းဖို့ ဆရာဝန်ဆီ တစ်ခေါက်သွားသင့်ပါတယ်နော်။
ငှက်မွေးတာဟာ ပြင်ဆင်ဖို့ လိုအပ်ချက်တွေရှိပေမယ့် ကိုယ့်အတွက် အဖော်လည်းရပြီး ချစ်ဖို့ကောင်းတဲ့ အိမ်မွေးတိတွေဖြစ်တာကြောင့် ပြင်ဆင်ရကျိုးနပ်ပါတယ်။ ဒီအချက်လေးတွေကို ပြင်ဆင်ထားရင် ငှက်လေး အိမ်ရောက်လာတဲ့အခါ ကျန်းမာပျော်ရွှင်နေမှာ အသေအချာပဲမို့ ငှက်စမွေးမယ့် တိချစ်သူတွေ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်နော်။