သိထားသင့်တဲ့ အမေရိကန် ခွေးဘီလူးအကြောင်း

သိထားသင့်တဲ့ အမေရိကန် ခွေးဘီလူးအကြောင်း
Photo by Erik 🖐 / Unsplash

သခင်အပေါ်မှာ သစ္စာရှိတယ်၊ သန်မာပေမယ့် လူခင်တတ်တဲ့ ခွေးမျိုးစိတ်ကတော့ အမေရိကန် ခွေးဘီလူးပါပဲ။ ကြွက်သားတွေရှိတဲ့ ပုံစံကြောင့် တခြားခွေးတွေနဲ့ ကွဲထွက်ပြီး သွက်သွက်လက်လက်လည်းရှိကြတဲ့ ဒီခွေးတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးတဲ့ မျိုးစိတ်တစ်ခုပါ။ ဒါပေမယ့် သူတို့ကို မွေးမယ်ဆိုရင် ထူးခြားတဲ့ လိုအပ်ချက်တွေနဲ့ ပင်ကိုယ်သဘာဝ ဘယ်လိုမျိုးရှိလဲ ဆိုတာသေချာ သိထားမှ အဆင်ပြေတာမို့ အမေရိကန် ခွေးဘီလူးအကြောင်းကို တိချစ်သူတွေအတွက် စုံစုံလင်လင် ဖော်ပြပေးချင်ပါတယ်။

အမေရိကန် ခွေးဘီလူးတွေရဲ့ ပင်ကိုယ်သဘာဝ

ကာကွယ်ပေးတတ်တယ်၊ သစ္စာရှိတယ်၊ သခင်အပေါ်ကို ခင်တွယ်တယ် ဆိုတဲ့ သဘာဝကတော့ သူတို့ရဲ့ အဓိက လူသိများတဲ့ အချက်တွေပါ။ သူတို့ရဲ့ သန်မာတဲ့ ပုံစံကြောင့် သူစိမ်းတွေအတွက်ဆိုရင် တိုက်ခိုက်နိုင်တဲ့ ပုံစံရှိပေမယ့် ပိုင်ရှင်နဲ့ မိသားစုဝင်တွေအပေါ်မှာ အများကြီးခင်တွယ်တတ်ကြပါတယ်။ သူတို့ရဲ့ ထူးခြားပြီး အဓိကကျတဲ့ ပင်ကိုယ်သဘာဝအချို့ကို ပြောရမယ်ဆိုရင်

  1. သစ္စာရှိပြီး ကာကွယ်ပေးတတ်တယ်

အမေရိကန်ခွေးဘီလူးတွေဟာ သခင်နဲ့ မိသားစုကို ကာကွယ်ပေးတတ်တဲ့ သဘာဝရှိတာမို့ အစောင့်ခွေးအနေနဲ့ အလွန်တာဝန်ကျေတဲ့ ခွေးတွေဖြစ်ပါတယ်။ သူတို့ဟာ သန်မာပြီး အလွန်သတိကြီးတာမို့ သူစိမ်းတွေနဲ့ စစတွေ့ချင်းဆိုရင် ပိုင်ရှင်တွေ အနေနဲ့ သတိကြီးကြီးထားဖို့လိုပါတယ်။

  • သွက်လက်ပြီး အဆော့သန်တယ်
  • သခင်ကို ခင်တွယ်ပြီး လူတွေနဲ့ နေရတာကြိုက်တယ်
  • ဉာဏ်ကောင်းပြီး တစ်ကိုယ်တည်း ရပ်တည်နိုင်တယ်

ဒီမျိုးစိတ်ဟာ အဆော့သန်ပြီး Energy များတဲ့ ခွေးတွေဖြစ်တဲ့အတွက် မွေးဖို့ဆိုရင် ကျယ်ဝန်းတဲ့ အိမ် သို့ ခြံမျိုးရှိရင် အကောင်းဆုံးပါ။

သူတို့ဟာ သခင်နဲ့ မိသားစုကို ခင်တွယ်တတ်ပြီး လူနဲ့နေရတာကြိုက်တဲ့ သဘာဝရှိတာမို့ ဟူးမန်းတွေနဲ့ လမ်းလျှောက်ရတာ၊ ဆော့ရတာမျိုးနဲ့ အချိန်ကုန်ရတာကို နှစ်သက်ကြပါတယ်။

ဉာဏ်ကောင်းပေမယ့် တစ်ခါတစ်ရံ ခေါင်းမာတတ်ကြတာမို့ လေ့ကျင့်ပေးတဲ့အခါ တင်းကျပ်တဲ့ နည်းလမ်းမျိုး လိုအပ်နိုင်ပါတယ်။ 

စားသင့်တဲ့ အစားအသောက်

သူတို့ရဲ့ ကြွက်သားတွေနဲ့ သန်မာတဲ့ ခန္ဓာကိုယ်အတွက် သင့်တင့်မျှတတဲ့ အစားအသောက်မျိုး လိုပါတယ်။ 

ပရိုတိန်းဓာတ် - ကြက်သား၊ အမဲသား၊ ငါးစတဲ့ အသားမျိုးတွေ အဓိကပါဝင်တဲ့ ခွေးစာမျိုး ရွေးချယ်သင့်ပါတယ်။ 

အဆီဓာတ် - ကျန်းမာစေတဲ့ အဆီဓာတ်တွေဖြစ်တဲ့ အိုမီဂါ ၃၊ အိုမီဂါ ၆ ဖက်တီး အက်ဆစ်၊ ငါးကြီးဆီ၊ နှမ်းကြတ်ပင်ဆီ စတာတွေဟာ သူတို့ရဲ့အသားအရည်နဲ့ အမွေးကျန်းမာရေးကို အများကြီး အထောက်အကူပြုပါတယ်။

ကာဗိုဟိုက်ဒရိတ် - လိုအပ်တဲ့ Energy ကို အစေ့အဆံ၊ ကန်စွန်းဥနဲ့ ဆန်လုံးညိုစတဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ် ပြည့်ဝတဲ့ အစားအသောက်တွေကနေ ရရှိနိုင်ပါတယ်။

တစ်ခုသတိထားသင့်တာ အမေရိကန် ခွေးဘီလူးတွေဟာ အခြားမျိုးစိတ်တွေထက် အဝလွန်နိုင်ခြေ ပိုများပါတယ်။ ဒါ့ကြောင့် အစာကျွေးတဲ့ အခါ ပမာဏကို အလွန်ဂရုစိုက်သင့်ပြီး သူတို့ရဲ့ အသက်နဲ့ ကိုယ်အလေးချိန်အလိုက် လိုအပ်တဲ့ ပမာဏကို ထိန်းချုပ်ပြီး ကျွေးသင့်ပါတယ်နော်။

အမေရိကန် ခွေးဘီလူးတွေကို ဘယ်လို လေ့ကျင့်ပေးရမလဲ?

  1. ငယ်ငယ်တည်းက သူစိမ်းနဲ့ ပတ်ဝန်းကျင်အသစ်တွေကို ရင်းနှီးမှုရှိအောင် လုပ်ထားဖို့ အရေးကြီးပါတယ်။ အပေါ်မှာ ပြောခဲ့သလို သူတို့ဟာ ကာကွယ်ပေးချင်စိတ်များတာကြောင့် ငယ်စဥ်တည်းက ဒီလိုလုပ်ထားမှ နေရာသစ်၊ လူသစ်တွေကို ရန်လိုစိတ်များတာကနေ ကာကွယ်နိင်မှာပါ။ ပန်းခြံတွေခေါ်သွားတာ၊ အခြားခွေးတွေနဲ့ ပေးတွေ့တာ၊ နေရာသစ်တွေ အတူလည်တာမျိုး လုပ်ပေးနိုင်ပါတယ်။
  2. လုပ်လို့ရတာနဲ့ မရတာကို ကွဲကွဲပြားပြားသိအောင်လုပ်ပေးပါ။ အမေရိကန် ခွေးဘီလူးတွေက တစ်ခါတစ်ရံ လုပ်လို့မရမှန်းသိရက်နဲ့ စမ်းသပ် လုပ်တတ်ကြပါတယ်။ တချို့ ကြမ်းတမ်းတဲ့ အပြုအမူတွေကို ခွင့်မပြုဘူးဆိုတာကို ပထမစစလုပ်တည်းက သိအောင် လုပ်ဖို့ အရေးကြီးပါတယ်။ ဒီလိုအပြုအမူမျိုးဆိုင်ရာ လေ့ကျင့်ပေးမယ်ဆိုရင် စည်းကမ်းကြီးပေးဖို့ လိုပေမယ့် ညင်ညင်သာသာတော့ လေ့ကျင့်ဖို့ လိုပါတယ်။ အိမ်မှာ မိသားစုဝင်များတယ်ဆိုရင် ဒီလူဆိုရတယ် ဟိုလူဆို မရဘူးဆိုတဲ့ ရှုပ်ထွေးမှုတွေ ဖြစ်နိုင်တာမို့ စည်းကမ်းချက်တွေ အကုန်တစ်သားတည်းဖြစ်ဖို့လည်း လိုပါတယ်။
  3. လေ့ကျင့်ခန်းတဲ့ မပျင်းစေဖို့အတွက် ဆော့စရာတွေလည်း လိုပါတယ်။ အမေရိကန် ခွေးဘီလူးတွေဟာ သွက်လက်ပြီး လှုပ်ရှားရတာကြိုက်ကြတာမို့ ကျန်းမာဖို့အတွက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ မပျင်းဖို့အတွက် ဆော့ကစားစရာအရုပ်တွေနဲ့ တချို့ လိုက်နာဖို့လိုတဲ့ အချက်တွေကို လေ့ကျင့်ပေးတာမျိုး လုပ်နိုင်ပါတယ်။
  4. “ထိုင်” “နေ” “လာ” စတဲ့ လွယ်ကူရိုးရှင်းတဲ့ လိုက်နာချက်တွေကို သင်ပေးကြည့်ပါ။ ဒီလို လေ့ကျင့်ပေးတာ ရိုးရှင်းပေမယ့် သူတို့အတွက်လည်း အပျင်းပြေစေပြီး လိမ္မာပြီး စကားနားထောင်တဲ့ ခွေးတွေ ဖြစ်ဖို့ အများကြီး အထောက်အကူဖြစ်စေမှာပါ။
  5. အမေရိကန် ခွေးဘီလူးတွေကို ကြမ်းကြမ်းတမ်းတမ်း ကစားပေးတာမျိုးတော့ လုံးဝမလုပ်သင့်ပါဘူး။ သူတို့ဟာ သန်မာပြီး သဘာဝကြောင့် ကြမ်းကြမ်းတမ်းတမ်း ကစားလိုက်ရင် စိတ်လှုပ်ရှားလွန်ပြီး ရန်မူတဲ့အပြုအမူမျိုး လုပ်နိုင်ပါတယ်။ 

သခင်အပေါ်သစ္စာရှိပြီး ကာကွယ်ပေးတတ်တဲ့အပြင် လူလည်းခင်တွယ်တတ်တဲ့ ဒီခွေးတွေဟာ ကောင်းကွက်လည်း များသလို တစ်ဘက်မှာလည်း ရန်လိုတဲ့ အကျင့်မျိုးမဖြစ်ဖို့ ပိုင်ရှင်တွေက သေချာလေ့ကျင့်ပေးဖို့ လိုပါတယ်။ ဒါ့ကြောင့် အမေရိကန်ခွေးဘီလူးဟာ သူတို့ရဲ့ သဘာဝ၊ လိုအပ်တဲ့ အစားအသောက်နဲ့ လေ့ကျင့်မှုစတာတွေကို သေချာလုပ်ပေးနိုင်မယ်ဆိုရင်တော့ မွေးသင့်တဲ့ ခွေးမျိုးစိတ်တစ်ခုပါ။

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ