တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူခြင်းက ကြောင်တွေ ခွေးတွေအတွက် အန္တရာယ်ရှိလား?
တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူခြင်းက လူတွေအတွက် အန္တရာယ်ရှိတာ လူတိုင်းသိပြီးသားဖြစ်ပေမယ့် အိမ်မွေးတိလေးတွေဖြစ်တဲ့ ခွေးတွေ၊ ကြောင်တွေ အပေါ်မှာရော အန္တရာယ်ဖြစ်စေလားဆိုတာ စဥ်းစားစရာပါ။ သူတို့တွေလည်း လူတွေလိုပဲ ခန္ဓာကိုယ်နဲ့ အသက်ရှိတဲ့ သတ္တဝါတွေဖြစ်တာကြောင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူခြင်းက အန္တရာယ်ဖြစ်စေပါတယ်။
ဒါဆိုရင် ဘယ်လိုအန္တရာယ်ဖြစ်စေတာလဲ?
ဆေးလိပ်ငွေ့တွေက လေထဲမှာကျန်ခဲ့တဲ့အခါ ဆေးရွက်ကြီး၊ ကတ္တရာစေး၊ ကာဗွန်မိုနောက်ဆိုဒ်နဲ့ အခြားအဆိပ်အတောက်တွေကို ထုတ်လွှတ်ပေးပါတယ်။ အဲ့ဒီအငွေ့တွေကို ကြောင်၊ ခွေးတွေက ရှူမိတဲ့အခါ ဒါမှမဟုတ် အသားအရည်၊ အမွေးကနေ စုပ်ယူလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲ ရောက်သွားပါတယ်။ ကြောင်တွေခွေးတွေက အပြင်မှာအနေများတဲ့အခါ၊ ကြမ်းပြင်နဲ့ တံခါးနားမှာ အနေများတာ၊ သူတို့အမွေးကို လျှာနဲ့လျက်ပြီး သန့်ရှင်းရေးလုပ်ကြတာကြောင့် ဒီလို ဆေးလိပ်ငွေ့တွေက လူတွေထက် ခန္ဓာကိုယ်ထဲဝင်ဖို့ ပိုလွယ်ပါတယ်။
ဒီလို ဆေးလိပ်ငွေ့တွေက ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ ခွေးတွေ၊ကြောင်တွေမှာ ဒီလိုကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။
1). အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ
ခွေး - တစ်ဆင့်ခံ ဆေးလိပ်ငွေ့ဟာ ခွေးတွေကို နာတာရှည်ချောင်းဆိုးတာ၊ ရင်ကျပ်ပြီး အသက်ရှူရခက်တာမျိုးဖြစ်တတ်ပါတယ်။ အစတည်းက ပန်းနာ၊ လေပြွန်ပြဿနာ ရှိပြီးသားခွေးတွေဆိုရင် ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
ကြောင် - ကြောင်တွေမှာ အရမ်းနုနယ်တဲ့ အသက်ရှူလမ်းကြောင်းရှိပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူခြင်းက ပန်းနာရင်ကျပ်၊ ချောင်းချိိုးခြင်းနဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်စေပါတယ်။ ဆေးလိပ်သောက်တဲ့ မိသားစုဝင်ရှိတဲ့ အိမ်က ကြောင်တွေမှာ အခြားကြောင်တွေထက် နာတာရှည်ချောင်းဆိုး၊ ရင်ကျပ်နဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ပိုဖြစ်နိုင်ပါတယ်။
2). ကင်ဆာ
ခွေး - နှာခေါင်းရှည်တဲ့ ခွေးမျိုးစိတ် (ဥပမာ - Collies, Greyhounds) တွေဟာ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် အခြားမျိုးစိတ်တွေထက် နှာခေါင်းကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ နှာခေါင်းရှည်တဲ့အခါ အငွေ့နဲ့ အဆိပ်အတောက်တွေဟာ ပိုအောင်းမိပြီး အချိန်ကြာလာတဲ့အခါ ကင်ဆာဖြစ်လာတာပါ။ နှာခေါင်းတိုတဲ့ ခွေးတွေမှာတော့ အငွေ့တွေက အဆုတ်ထဲကို ပိုရောက်လွယ်တာမို့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
ကြောင် - တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် ကြောင်တွေမှာ ကိုယ်ခံအားကို တိုက်ခိုက်တဲ့ သွေးကင်ဆာဖြစ်နိုင်များပါတယ်။ စစ်တမ်းအရ သာမန်ကြောင်တွေထက် ဆေးလိပ်သောက်သူရှိတဲ့ အိမ်မှာနေတဲ့ ကြောင်တွေက သွေးကင်ဆာ ဖြစ်နိုင်ချေ နှစ်ဆရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကြောင်တွေရဲ့ လျှာနဲ့ သန့်ရှင်းရေးလုပ်တတ်တဲ့ သဘာဝကြောင့် ပါးစပ်ကင်ဆာလည်း ဖြစ်နိုင်ပါတယ်။ အမွေးမှာကပ်နေတဲ့ ဆေးလိပ်ငွေ့နဲ့ အဆိပ်တွေကို လျှာနဲ့ လျက်မိတဲ့အခါ ဖြစ်နိုင်ခြေကို ပိုမြင့်တက်စေတာ ဖြစ်ပါတယ်။
3). နှလုံးရောဂါ
လူတွေလိုပဲ ခွေးနဲ့ကြောင်တွေမှာလည်း တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ဆေးလိပ်ငွေ့ ရှူပါများလာတဲ့အခါ သွေးပေါင်တက်စေပြီး နှလုံးလုပ်ဆောင်ချက်ကို ထိခိုက်စေပြီး အချိန်ကြာတဲ့အခါ ပျက်စီးစေပါတယ်။
4). အသားအရည်ပြဿနာ
ဆေးလိပ်ငွေ့နဲ့ အခြား အဆိပ်အတောက်တွေမှာ အမွေးပေါ်မှာ ကပ်နေတဲ့အခါ အသားအရည်ယားယံခြင်း၊ နီမြန်းခြင်းနဲ့ ယောင်ယမ်းတာတွေ ဖြစ်နိိုင်ပါတယ်။
5). အခြားပြဿနာများ
ခွေးတွေကြောင်တွေမှာ ဆေးလိပ်အတိုအစ၊ ဆေးလိပ် ဖင်ဆီခံတွေ စားမိလို့ရှိရင် နီကိုတင်းအဆိပ်သင့်ခြင်း ဖြစ်နိုင်ပါတယ်။ ဒီလိုစားမိတဲ့အခါ အော့အန်တာ၊ ဝမ်းလျှောတာ၊ နှလုံးခုန်မြန်တာ၊ လေဖြတ်တာ စတဲ့လက္ခဏာတွေ ပြမှာဖြစ်ပါတယ်။ အကယ်၍ မကုဘဲ ဒီတိုင်းထားတယ်ဆိုရင် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဆေးလိပ်ငွေ့တွေ အိမ်နံရံ၊ ပရိဘောဂနဲ့ ကော်ဇော်တွေပေါ်မှာ ကျန်နေနိုင်ပြီး ခွေးတွေကြောင်တွေက အဲ့လိုနေရာတွေကို လျက်မိတတ်ပါတယ်။ ဒီအခါမှာကြာလာတဲ့အခါ အဆိပ်အတောက်တွေ ဗိုက်ထဲဝင်နိုင်ပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။
နိဂုံးချုပ်ရရင် ခွေးတွေကြောင်တွေကလည်း လူတွေလိုပဲ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူခြင်းကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အကယ်၍ ကိုယ်က ဆေးလိပ်သောက်တယ်ဆိုရင် ဆေးလိပ်သောက်ဖို့ အခန်းတစ်ခန်း သတ်သတ်ထားတာ၊ တိလေးတွေကို အိမ်ထဲမှာပဲ ထားပြီး ဆေးလိပ်ကို အပြင်ထွက်သောက်တာ၊ ဆေးလိပ်သောက်ပြီးတိုင်း အဝတ်အစားလဲပြီး လက်သေချာဆေးတာမျိုး လုပ်သင့်ပါတယ်။ ခွေး၊ ကြောင်လေးတွေကို ပုံမှန်အမွေးသန့်ရှင်းရေးလုပ်တာ၊ အမွေးဖြီးပေးတာမျိုး လုပ်ပေးတာဟာလည်း အမွေးမှာကပ်နေတဲ့ ဆေးလိပ်ငွေ့တွေကို သန့်ရှင်းပေးရာ ကျတာကြောင့် လုပ်ပေးသင့်ပါတယ်။