တိစမွေးသူတွေအတွက် အသင့်တော်ဆုံး ငါးမျိုးစိတ်တချို့
အိမ်မွေးတိ ပထမဆုံးစမွေးမယ့်သူတွေအတွက် မွေးလို့လည်းလွယ်ပြီး ထိန်းသိမ်းရမခက်တဲ့ ငါးတွေက သင့်တော်တဲ့ ရွေးချယ်မှုပါ။ ဒါပေမယ့်လည်း ငါးမျိုးစိတ်အများကြီးရှိတဲ့အတွက် တချို့ မျိုးစိတ်တွေဟာ ရေအခြေအနေ၊ ငါးမွေးကန် နဲ့ အစားအသောက် အရမ်းဂရုစိုက်ပေးရတာမို့ မွေးရခက်ပါတယ်။ ဒါ့ကြောင့် ငါးမျိုးစိတ်ထဲမှာမှ စမွေးမယ့်သူတွေအတွက် မွေးရလွယ်ကူတဲ့ မျိုးစိတ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Betta Fish (ဖိုက်တာငါး)
အရောင်အရမ်းလှပြီး မွေးရလွယ်တဲ့ Betta ငါး တွေဟာ အခုမှ ငါးစမွေးမယ့်သူတွေ ရွေးချယ်သင့်တဲ့ ငါးမျိုးစိတ်တစ်ခုပါ။ သူတို့ဟာ အနည်းဆုံး (၅) ဂါလန်လောက်ဆန့်တဲ့ ငါးမွေးကန်အသေးတွေနဲ့ မွေးလို့ရပြီး ထူးခြားတဲ့ လိုအပ်ချက်မျိုးမလိုပါဘူး။ Betta ငါးတွေဟာ အသားစားမျိုးစိတ်ဖြစ်တာကြောင့် အစာခြောက်၊ ပိုးကောင်နဲ့ ပုဇွန်ဆိတ်တွေ ကျွေးလို့ရတဲ့အတွက် လွယ်ကူပါတယ်။ ဖိုက်တာငါးဆိုတဲ့အတိုင်း ရန်လိုတတ်ပြီး အထူးသဖြင့် အထီးတွေမှာ တခြားငါးတွေကို တိုက်ခိုက်တတ်တဲ့ သဘာဝရှိတာမလို့ အတူတော့ မမွေးသင့်ပါဘူး။
Goldfish (ရွှေငါး)
ငါးမျိုးစိတ်ထဲမှာ မသိသူမရှိသလောက်တာကတော့ ရွှေငါးပါပဲ။ သူလည်းပဲ အခြားငါးတွေထက် ထိန်းသိမ်းရလွယ်ကူတာကြောင့် စမွေးမယ့်သူတွေအတွက် သင့်တော်ပါတယ်။ ရွှေငါးတွေက အစပိုင်းမှာ သေးပေမယ့် ထွားလွယ်တာကြောင့် အနည်းဆုံး ရေဂါလန် (၂၀) ဆန့်တဲ့ ငါးမွေးကန်မျိုးလိုအပ်ပြီး အညစ်အကြေးစွန့်ထုတ်မှုများတာကြောင့် စစ်ထုတ်မှုကောင်းတဲ့ ကန်မျိုးတော့ ဖြစ်ဖို့လိုပါတယ်။ ရွှေငါးတွေက အစုံစားတဲ့ မျိုးစိတ်ဖြစ်တဲ့အတွက် အစာခြောက်၊ အသားခြောက်နဲ့ အရွက်တွေ ကျွေးပေးနိုင်ပါတယ်။
Guppies (ဒေါင်းငါး)
ဒေါင်းငါးဆိုတဲ့အတိုင်း အရောင်စုံစုံတောက်တောက်နဲ့ အရမ်းလှတဲ့အပြင် မွေးလို့လွယ်တဲ့ ငါးတစ်မျိုးပါ။ ဒေါင်းငါးတွေဟာ အကြမ်းခံတဲ့အပြင် ရေအခြေအနေအစုံမှာ ရှင်သန်နိုင်ကြပြီး (၁၀) ဂါလန်လောက် ဆန့်တဲ့ ငါးမွေးကန်မျိုးနဲ့ မွေးနိုင်ပါတယ်။ ဒေါင်းငါးတွေဟာလည်း အစုံစားမျိုးစိတ်ဖြစ်တာကြောင့် အသားခြောက်၊ အသည်း ဒါမှမဟုတ် ပုဇွန်ဆိတ်နဲ့ လုပ်ထားတဲ့ အစာခြောက်တွေ ကျွေးလို့ရပါတယ််။
Neon Tetras (နီယွန် တက်တရာ)
နီယွန် တက်တရာငါးတွေဟာ အရောင်စုံနဲ့ ငါးသေးသေးလေးတွေဖြစ်ပြီး တခြားငါးတွေနဲ့ အတူရောမွေးလို့ ရတဲ့အထိ မွေးရလွယ်ကူပါတယ်။ သူတို့ဟာ အဖွဲ့လိုက်နေရတာကို ပိုနှစ်သက်တာကြောင့် မွေးမယ်ဆိုရင် အနည်းဆုံး (၁၀) ဂါလန် ဆန့်တဲ့ကန်မျိုး လိုအပ်ပါတယ်။ နီယွန်တက်တရာတွေဟာ အစုံစားတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အသားခြောက်၊ အစာခြောက်အသေးလေးတွေနဲ့ ခဲထားတဲ့အစာနဲ့ အရှင်နှစ်မျိုးလုံး ကျွေးနိုင်ပါတယ်။
Zebra Danios (မြင်းကျားငါး)
မြင်းကျားငါးတွေဟာ အရွယ်သေးပြီး အကြမ်းခံတာကြောင့် မွေးရအလွယ်ဆုံး ရေချိုငါးလို့တောင် ခေါ်ကြပါတယ်။ မြင်းကျားငါးတွေဟာ ငါးမွေးကန်အရွယ်အစုံမှာ ရှင်သန်နိုင်ကြပြီး ရေအခြေအနေအမျိုးစုံကို ကြံ့ကြံ့ခံနိုင်တဲ့ ငါးတွေပါ။ အခြားငါးတွေနဲ့လည်းတွဲမွေးလို့ရပြီး အစုံစားမျိုးစိတ်ဖြစ်တာကြောင့် နီယွန်တက်တရာငါးတွေလိုပဲ အသားခြောက်၊ အစာခြောက်အသေးလေးတွေနဲ့ ခဲထားတဲ့အစာနဲ့ အရှင်နှစ်မျိုးလုံး ကျွေးနိုင်ပါတယ်။
Platies (ပလိတ်တီးငါး)
ပလိတ်တီးငါးတွေဟာ အေးဆေးတဲ့ သဘာဝရှိပြီး အရောင်စုံလာပါတယ်။ သူတို့ဟာ မွေးရလွယ်တဲ့အပြင် အခြားငါးတွေနဲ့ နေရတာ နှစ်သက်တာကြောင့် အစုံမွေးချင်သူတွေအတွက် အဆင်ပြေတဲ့ ငါးလေးတွေပါ။ ကန်အသေးတွေနဲ့ မွေးလို့ရနိုင်ပြီး အကြမ်းခံကြတဲ့ ပလိတ်တီးငါးတွေဟာလည်း အစုံစားတဲ့ မျိုးစိတ်ဖြစ်ပါတယ်။ အကြမ်းလည်းခံ အေးဆေးရှိပြီး ထူးခြားတဲ့ အစာတွေမလိုအပ်တာကြောင့် ငါးစမွေးမယ့်သူတွေအတွက် သင့်တော်တဲ့ မျိုးစိတ်ပါ။
Mollies (မော်လီငါး)
မော်လီငါးတွေဟာ ရေချိုမှာရော ရေငန်မှာပါ ရှင်သန်နိုင်တဲ့ ငါးမျိုးစိတ်ဖြစ်ပါတယ်။ မွေးရလည်းလွယ်ပြီး အကြမ်းခံတာကြောင့် စမွေးမယ့်သူတွေအတွက် သင့်တော်ပါတယ်။ မွေးဖို့အတွက် အနည်းဆုံး ဂါလန် (၂၀) ဆန့်တဲ့ ကန်မျိုးလိုအပ်ပြီး ရေချိုမှာလည်း ရှင်သန်နိုင်ပေမယ့် အနည်းငယ်ပိုငန်တဲ့ ရေမျိုးနဲ့ မွေးမယ်ဆိုရင်တော့ အကောင်းဆုံးပါ။ သူတို့လည်းပဲ အစုံစားတာကြောင့် အသားခြောက်၊ အစာခြောက်နဲ့ အရွက်တွေ ကျွေးပေးလို့ရပါတယ်။