တိလေးတွေနဲ့ အမှတ်တရ ဓာတ်ပုံတွေ ဘယ်လိုဖန်တီးမလဲ?
ပွဲတော်တွေများတဲ့ မြန်မာနိုင်ငံမှာ တိချစ်သူတွေလည်း ချစ်ရတဲ့ တိလေးတွေနဲ့ ဆင်နွှဲရတာ ကြိုက်ကြမှာပါ။ မြန်မာ့ရိုးရာ ပွဲတော်၊ တိုင်းရင်းသားနေ့တွေ အပြင် မကြာခင် လာတော့မယ့် ဟော်လိုးဝင်း၊ ဒေပါဝါလီ၊ ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်နေ့တွေမှာ ဓာတ်ပုံရိုက်ပြီး အမှတ်တရတွေ ဖန်တီးဖို့ စဥ်းစားထားသူတွေအတွက် ပွဲတော်ရက်တွေမှာ ကိုယ်ချစ်ရတဲ့ တိလေးတွေနဲ့ ဖိုတိုရှုလေးတစ်ခု ဘယ်လိုရိုက်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
1. ဓာတ်ပုံမရိုက်ခင် ကြိုတင်ပြင်ဆင်မယ်
- ဓာတ်ပုံရိုက်ဖို့ အဆင်ပြေမယ့် နေရာတစ်ခုကို အရင်ရွေးရပါမယ်။ အလှဆင်လို့ကောင်းပြီး ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ဧည့်ခန်းဖြစ်ဖြစ်၊ ခြံထဲမှာဖြစ်ဖြစ် ရွေးချယ်တာ အဆင်ပြေနိုင်ပါတယ်။
- ပွဲနဲ့လိုက်မယ့် နောက်ခံ အလှဆင်ခြင်း လုပ်တဲ့နေရာမှာ တိလေးတွေ စားမိလို့၊ ရှူမိလို့၊ ထိမိလို့ အန္ဒရာယ်မဖြစ်စေမယ့်ဟာမျိုး ရွေးချယ်စေချင်ပါတယ်။ မီးအရောင်စုံလှလှတွေ၊ အရောင်စုံ မီးအိမ်မျိုး ဒါမှမဟုတ် ပြောင်နောက်ခံအစမျိုးသုံးပေးလို့ရပါတယ်။
- တိလေးတွေကို ဓာတ်ပုံမရိုက်ခင်မှာ အမွေးသပေးတာ၊ ရေချိုးပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ဒါမှ ဓာတ်ပုံထဲမှာ အလှဆုံးဖြစ်နေမှာနော်။
2. လိုအပ်တာတွေ စုဆောင်းမယ်
- အလင်းရောင်ကောင်းကောင်းရတဲ့ နေ့ဘက်မှာရိုက်ရင်တော့ အကောင်းဆုံးပါ။ ဒါပေမယ့် ညဘက်မှာ မှောင်တဲ့ ပုံစံမျိုးနဲ့ ရိုက်ချင်ရင် (ဥပမာ - ဟော်လိုးဝင်းအတွက်) ဓာတ်ပုံပုံထွက်ကောင်းအောင် မီးလုံး၊ မီးချောင်းတွေ သုံးပေးလို့ရပါတယ်။
- ကိုယ်ကတစ်ကိုယ်တည်းသမားဖြစ်လို့ ရိုက်ပေးမယ့်လူမရှိရင် ကင်မရာ/ ဖုန်းထောက်တိုင် (tripod) တစ်ခု ဝယ်ထားသင့်ပါတယ်။ Tripod နဲ့ဆိုရင် အချိန်ကြိုပေးထားလို့လည်းရပြီး လက်မငြိမ်တဲ့ပြဿနာတွေကလည်း ကာကွယ်ပြီးသားဖြစ်မှာပါ။
3. ခွေးလေးတွေနဲ့ ဓာတ်ပုံဘယ်လိုရိုက်မလဲ?
- ဓာတ်ပုံရိုက်တဲ့အခါ ငြိမ်ငြိမ်နေဖို့ မုန့် ဒါမှမဟုတ် အရုပ်တွေနဲ့ မျှားတာမျိုးလုပ်နိုင်ပါတယ်။ ဓာတ်ပုံတစ်ခါရိုက်ပြီးတိုင်း မုန့်ကျွေးတာ၊ ကြည့်စေချင်တဲ့ နေရာကို မုန့်ထားထားတာမျိုး သူတို့အာရုံစိုက်အောင် လုပ်လို့ရပါတယ်။
- အရုပ်တွေ ဒါမှမဟုတ် အလှဆင်ထားတာတွေနဲ့ ဆော့နေတဲ့ ပုံရိပ်လေးတွေကို ရိုက်တာမျိုးက သဘာဝကျကျ ဓာတ်ပုံလေးတွေ ထွက်နိုင်တာမို့ အဲ့လိုရိုက်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
- ဆင်ထားတဲ့ နောက်ခံနဲ့ ပွဲအလိုက် ခွေးလေးကို အဝတ်တွေ၊ အဆင်တန်ဆာတွေ ဆင်ပေးတာလည်း ပိုပြီး ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေရစေမှာနော်။
4. ကြောင်လေးတွေနဲ့ ဓာတ်ပုံဘယ်လိုရိုက်မလဲ?
- ကြောင်လေးတွေတော်တော်များများက စိတ်ရှုပ်လွယ်ကြတာမို့ အေးဆေးဓာတ်ပုံရိုက်ခံဖို့ဆိုရင် ကြားထဲမှာ ခဏခဏနားတာမျိုး လုပ်ပေးသင့်ပါတယ်။ စပ်စုတတ်ကြတဲ့ သူလေးတွေမို့ ဓာတ်ပုံမရိုက်ခင်မှာ အရင်ပတ်ကြည့်ဖို့ အချိန်ပေးတာမျိုးလုပ်တာကလည်း အလှဆင်ထားနဲ့ နေရာနဲ့ ပိုရင်းနှီးသွားပြီး ဓာတ်ပုံရိုက်တဲ့အခါ ငြိမ်ငြိမ်နေဖို့ အထောက်အကူဖြစ်စေမှာပါ။
- ကြောင်မျက်လုံးတွေက အရမ်းလှပြီး မျက်နှာအနေအထားအမျိုးမျိုးလုပ်တတ်ကြတာကြောင့် အနီးကပ်ရိုက်ချက် တစ်ပုံလောက်တော့ရိုက်ဖို့ အကြံပြုချင်ပါတယ်။
- သူတို့ကို ဓာတ်ပုံရိုက်တဲ့အခါ ငှက်မွှေး၊ လေဆာပွိုင့်တာ စတဲ့ အရုပ်လေးတွေသုံးပေးတာကလည်း မျက်နှာပုံစံအမျိုးမျိုးနဲ့ ချစ်ဖို့ကောင်းတဲ့ ဓာတ်ပုံလေးတွေ ရဖို့ အထောက်အကူပြုစေမှာပါ။
5. ငှက်လေးတွေနဲ့ ဓာတ်ပုံဘယ်လို ရိုက်မလဲ?
- ဓာတ်ပုံရိုက်မယ့်နေရာက ငှက်လေးတွေ ရုတ်တရက် ပျံထွက်သွားဖို့ မလွယ်တဲ့နေရာမျိုး ဖြစ်သင့်ပါတယ်။ သူတို့နဲ့ ရင်းနှီးပြီးသား လှောင်အိမ် ဒါမှမဟုတ် အိပ်တန်းမျိုး သုံးပေးနိုင်ပါတယ်။
- ငှက်လေးတွေက အရောင်စုံစုံနဲ့လှပြီးသားဖြစ်တာမို့ နောက်ခံကို ရိုးတဲ့ အရောင်သုံးတာက သူတို့ရဲ့ အရောင်ကို ဓာတ်ပုံထဲမှာ ပိုထင်းစေမှာပါ။
- ရှုထောင့်ပေါင်းစုံကနေ ရိုက်ခြင်းက ငှက်လေးတွေရဲ့ အရောင်စုံကိုလည်း မြင်နိုင်ပြီး မျက်လုံး၊ ဘေးဘက်ကနေ ရိုက်တာမျိုးကလည်း သူတို့ရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံစံလေးတွေကို အပြည့်အဝ ရိုက်နိုင်မှာပါ။
တိလေးတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါ အလှဆင်ထားတာတွေကို ကောက်မစားမိဖို့ သတိပြုစေချင်ပါတယ်။ ဓာတ်ပုံရိုက်နေတုန်းမှာလည်း သူတို့လေးတွေကို စိတ်ရှည်ပေးဖို့ လိုပါတယ်။ တိလေးတွေကို စကားပြောပေးတာ၊ မုန့်ကျွေးပြီး ဆုပေးခြင်းကလည်း သူတို့လည်း ဓာတ်ပုံရိုက်တဲ့တစ်လျှောက် ပျော်နေစေဖို့ အထောက်အကူ ဖြစ်စေမှာပါ။ စိတ်ရှုပ်၊ စိတ်ဖိစီးတဲ့ လက္ခဏာမျိုးပြရင် အတင်းအကြပ်မလုပ်ဘဲ ခဏနားတာမျိုး လုပ်စေချင်ပါတယ်။ ဒါဆိုရင် ဖော်ပြသွားတဲ့ အချက်တွေကို အသုံးချပြီး တိချစ်သူတွေအားလုံး တိလေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ အမှတ်တရလေးတွေ ဖန်တီးစေချင်ပါတယ်နော်။