တိတွေအတွက် အမှိုက်ပုံးကပေးတဲ့ အန္တရာယ်

တိတွေအတွက် အမှိုက်ပုံးကပေးတဲ့ အန္တရာယ်
Photo by Maryna Seradzenka / Unsplash

အိမ်မှာရှိတဲ့ အမှိုက်ပုံးက သတိမထားရင်တော့ ဘာအန္တရာယ်မှ မရှိဘူးလို့ထင်ရပေမယ့် တိတွေအတွက် ဘေးဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ခွေးနဲ့ ကြောင်တွေက အမှိုက်ပုံးထဲက အစာနံ့တွေကြောင့် ဖွတတ်ကြပြီး မစားသင့်တာတွေ ဗိုက်ထဲရောက်သွားတဲ့အခါ အန္တရာယ်ဖြစ်ရခြင်းပါ။ ဒါဆ်ိုရင် တိတွေကို အမှိုက်ပုံးကနေ ပေးနိုင်တဲ့ အန္တရာယ်တချို့ကို ကြည့်လိုက်ရအောင် …

1). အဆိပ်ဖြစ်စေတဲ့ အစားအသောက်

လူစားတဲ့ အစားအသောက်တိုင်း တိလေးတွေနဲ့ မတည့်ပါဘူး။ ချောကလက်၊ စပျစ်သီး၊ စပျစ်သီးခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စတာတွေက ခွေးနဲ့ ကြောင်တွေကို အဆိပ်ဖြစ်စေနိုင်ပါတယ်။ ဒါတွေကို အမှိုက်ပုံးထဲကနေ ယူစားမိတဲ့အခါ အော့အန်တာ၊ ဝမ်းလျှောဝမ်းပျက်တာ အပြင် အသက်ကိုပါ အန္တရာယ်ပေးနိုင်တဲ့ ကိုယ်တွင်းအင်္ဂါပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။

2). ချွန်ထက်တဲ့ အရာတွေ

ဖန်ကွဲဖန်စတွေ၊ အလူမီနီယမ်၊ ချွန်ထက်တဲ့ ပလတ်စတစ် အကျိုးအပဲ့တွေက ဝါးမိတဲ့အခါ (သို့) ဗိုက်ထဲရောက်သွားတဲ့အခါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒီလိုအရာတွေကို တိတွေ စားမိတဲ့အခါ ပါးစပ်ထဲ၊ လည်ချောင်းထဲ နဲ့ အစာအိမ်လမ်းကြောင်တွေမှာ ရှပြီး အနာတရဖြစ်နိုင်တဲ့အတွက် စားမိလို့ရှိရင် ခွဲစိတ်ကုသရတဲ့အထိ ဖြစ်နိုင်ပါတယ်။

3). ကြိုးလို အရာတွေ

သွားရေကွင်း၊ ပလတ်စတစ်ကြိုး၊ အစားအသောက်ထုတ်ပိုးတဲ့ ကြိုးမျိုးတွေဟာ တိတွေစားမိရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒီလိုကြိုးတွေဟာ အူလမ်းကြောင်းကို ရစ်ပတ်နိုင်ပြီး အူတွေ ပြတ်ထွက်နိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။

4). ပုတ်သိုးနေတဲ့ အစားအသောက်တွေ

ခွေးတွေ ကြောင်တွေက ဒီလို ပုတ်သိုးနေတဲ့ အစာတွေကို အနံ့ကြောင့် ပိုစားချင်ကြပါတယ်။ ဒီလိုအစာတွေကို အမှိုက်ပုံးတွေကနေ တစ်ဆင့်စားမိတဲ့အခါ Salmonella နဲ့ E. coli လိုပိုးမွှားတွေက ဗိုက်ထဲရောက်သွားပြီး အစာအဆိပ်သင့်နိုင်ပါတယ်။ အစာသိုးတွေက ပြင်းထန်တဲ့ အစာအိမ်ပြဿနာတွေကို ဖြစ်စေနိုင်ပြီး အစာအိမ်လမ်းကြောင်း ပိုးဝင်စေနိုင်တဲ့ အထိ ဒုက္ခပေးနိုင်ပါတယ်။ မှိုတက်စာတွေ စားမိရင်လည်း ကတုန်ကရင်ဖြစ်ခြင်းနဲ့ လေဖြတ်ခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။

5). ဓာတုပစ္စည်းနဲ့ ဆေးဝါးတွေ 

အမှိုက်ပုံးထဲက တစ်ရှူး အစို (Wet tissue)၊ ဆေးဘူးခွံ၊ ဆပ်ပြာအမှုန့်၊ ဆပ်ပြာရည် စတာတွေက ဓာတုပစ္စည်းတွေပါဝင်တာကြောင့် စားမိရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ပမာဏအနည်းငယ်လေးပဲဖြစ်ဖြစ် စားမိရင်တောင် တိတွေအတွက် အန္တရာယ်ဖြစ်နိုင်ပြီးတော့ သွားရည်တွေကျတာ၊ အန်တာကနေ ကိုယ်တွင်းအင်္ဂါတွေကိုပါ ဒုက္ခပေးနိုင်ပါတယ်။

ဒါ့ကြောင့် အိမ်မှာရှိတဲ့ ဘယ်အမှိုက်ပုံးကိုမဆို တိတွေနဲ့ ဝေးဝေးထားသင့်ပြီး သူတို့အလွယ်တကူ မဖွင့်နိုင်ဖို့ အဖုံးပါတဲ့ အမှိုက်ပုံး သုံးတာမျိုးလုပ်နိုင်ပါတယ်။ ဒီလိုအန္တရာယ်တွေကနေ ကာကွယ်ဖို့ဆိုရင် အမှိုက်ပုံးတွေကို တိတွေအလွယ်တကူ မဝင်နိုင်တဲ့ နေရာမျိုးမှာ ထားနိုင်ရင်တော့ အကောင်းဆုံးပါ။ ဒီလို အမှိုက်ပုံးက ပေးနိုင်တဲ့ အန္တရာယ်တွေကို ကြိုသိထားခြင်းပြီး ကာကွယ်ခြင်းဖြင့် တိလေးတွေကျန်းမာရေးကို အကောင်းဆုံး ဂရုစိုက်ပေးလိုက်ရအောင်နော်။

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ