ယုန်တွေကို အပေါ့အလေး ဘယ်လိုလေ့ကျင့်ပေးမလဲ?
ယုန်တွေက သဘာဝအားဖြင့် သန့်သန့်ရှင်းရှင်းနေတတ်ကြတဲ့ တိလေးတွေဖြစ်ပြီး ကြောင်တွေလိုမျိုး အပေါ့အလေး စနစ်တကျ သွားတတ်အောင် လေ့ကျင့်ပေးလို့ရပါတယ်။ ဒီလိုလေ့ကျင့်ပေးခြင်းက အိမ်မပွတဲ့အပြင် သန့်ရှင်းရေးအမြဲလုပ်ရတဲ့ ဒုက္ခကနေလည်း သက်သာနိုင်တာမို့ ယုန်တွေကို အပေါ့အလေး ဘယ်လိုလေ့ကျင့်ပေးရမလဲ ဆိုတာ တစ်ဆင့်ချင်း ဖော်ပြပေးချင်ပါတယ်။
အဆင့် (၁) - မှန်ကန်တဲ့ အိမ်သာကို ရွေးချယ်ပါ
- ယုန်ရဲ့ အရွယ်အစားအလိုက် သူတို့သက်တောင့်သက်သာထိုင်နိုင်ပြီး လှည့်လို့လည်းရတဲ့ အိမ်သာအရွယ်အစားမျိုး ရွေးချယ်စေချင်ပါတယ်။ ကြောင်သဲဗန်းကို အလွယ်ဝယ်ပြီး ယုန်အတွက် သုံးလို့မရပါဘူး။ အဲ့ဒီသဲတွေက ယုန်ရဲ့အသက်ရှူလမ်းကြောင်းကို အန္ဒရာယ်ပြုနိုင်တာကြောင့် ယုန်တွေအတွက် စိတ်ချရပြီး သူတို့အတွက် ထုတ်ထားတဲ့ အိမ်သာမျိုး ရွေးဝယ်တာအကောင်းဆုံးပါ။
- တကယ်လို့ ယုန်ကို အိမ်ထဲမှာပဲ လွှတ်ထားတယ်ဆိုရင် သူတို့သွားလေ့ရှိတဲ့ အခန်းတိုင်းမှာ အိမ်သာတစ်ခုစီ ထားပေးတာမျိုးလည်း လုပ်ပေးလို့ရပါတယ်။
အဆင့် (၂) - နေရာချပါ
- ရွေးချယ်ထားတဲ့ အိမ်သာရဲ့ အောက်မှာ အောက်ခံအထပ်တစ်ခု ထပ်ပါ။ အပေါ်မှာ မြက်ခြောက် (hay) အနည်းငယ်ထည့်ပေးပါ။ ယုန်လေးတွေက အပေါ့အလေးသွားနေရင်း မြက်ခြောက်ဝါးရတာကို ကြိုက်ကြပါတယ်။ ဒါ့ကြောင့် မြက်ခြောက်တွေထားပေးရင် အိမ်သာကို သုံးဖို့ အလားအလာပိုများပါတယ်။
- စစချင်းအသစ်ဖြစ်တဲ့အတွက် အပေါ့အလေး သွားဖို့အတွက်ဆိုတာ နားလည်အောင် ရှိပြီးသား အလေးအနည်းငယ်ကို အိမ်သာအသစ်ပေါ်မှာ ဖြန့်ထားပေးပါ။
အဆင့် (၃) - အိမ်သာကို သုံးဖို့ တိုက်တွန်းပါ
- ယုန်ကိုစောင့်ကြည့်ပြီး သူတို့အပေါ့အလေးသွားလေ့ရှိတဲ့ နေရာမှာ အိမ်သာကို ထားပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
- တကယ်လို့ အိမ်သာကို မသုံးဘဲ အခြားနေရာမှာသွားလို့ရှိရင် ကောက်ချီပြီး အိမ်သာကို ပေါ်မှာတင်ပေးသင့်ပါတယ်။ ဒါမျိုးတွေ လုပ်ပေးခြင်းအားဖြင့် သူတို့ကို အကျင့်လုပ်ပေးသလိုဖြစ်ပြီး အိမ်သာကို သုံးရမယ်ဆိုတဲ့ အသိကို ရစေမှာပါ။
အဆင့် (၄) - လိမ္မာရင် ဆုချဖို့မမေ့ပါနဲ့
- လေ့ကျင့်ပေးမှုတိုင်းက ဆုချပေးရင် ပိုတတ်လွယ်ပါတယ်။ ဒါ့ကြောင့် အိမ်သာကို အသုံးပြုတိုင်း မုန့်ကျွေးတာ၊ အသာအယာပွတ်သပ်ပြီး လိမ္မာတာကို အသိအမှတ်ပြုကြောင်း ပြသပေးပါ။ ဒါမှ အိမ်သာအသုံးပြုခြင်းနဲ့ ကောင်းတဲ့အရာတွေကို တွဲမှတ်မိပြီး ပိုသုံးဖို့ တွန်းအားဖြစ်စေပါလိမ့်မယ်။
- ဆုပေးတာက လေ့ကျင့်မှုကို ရှေ့ရောက်စေပေမယ့် ဒဏ်ပေးတာမျိုးတော့ မလုပ်သင့်ပါဘူး။ တစ်ခါတစ်ရံ မတော်တဆဖြစ်တာတွေရှိလာရင် အပြစ်ပေးလိုက်တဲ့အခါ ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေဖြစ်ပြီး လေ့ကျင့်မှုကို ထိခိုက်စေနိုင်ပါတယ်။
အဆင့် (၅) - နေရာကို ဖြည်းဖြည်းချင်းချဲ့ပါ
- စစချင်းမှာ အခန်းတစ်ခုထဲမှာပဲ သူတို့ကိုထားပြီး အဲ့ဒီအခန်းမှာထားတဲ့ အိမ်သာကိုသာ သွားခိုင်းပါ။ ဒါမှသာ ဒီအိမ်သာကို အမြဲသုံးဖို့ တိုက်တွန်းရာရောက်မှာဖြစ်ပါတယ်။
- ဒီအိမ်သာကိုပဲ သွားတတ်နေပြီဆိုရင် သူတို့လွတ်လွတ်လပ်လပ် သွားနိုင်တဲ့နေရာအကျယ်ကို ဖြည်းဖြည်းချင်းတိုးပေးပြီး အခန်း (သို့) နေရာတိုင်းမှာ လိုအပ်သလောက် အိမ်သာတွေ ထားပေးပါ။
အဆင့် (၆) - သန့်ရှင်းရေး အမြဲဂရုစိုက်ပါ
- အသုံးပြုပြီးသား တစ်ထပ်အခံနဲ့ အညစ်အကြေးတွေကို နေ့စဥ်စွန့်ပစ်ပြီး လဲပေးသင့်ပါတယ်။ အိမ်သာသန့်နေလို့ရှိရင် အသုံးပြုဖို့ ယုန်တွေကို လေ့ကျင့်ပေးရ ပိုလွယ်ကူတာကြောင့်ပါ။
- ပိုးမွှားနဲ အနံ့တွေပျောက်ဖို့ အိမ်သာကို ဆပ်ပြာပျော့ပျော့နဲ့ တစ်ပတ်တစ်ခါ ဆေးကြောပေးသင့်ပါတယ်။
အဆင့် (၇) - ကြုံနိုင်တဲ့ ပြဿနာတွေကို ကြိုသိထားပါ
- တချို့ယုန်တွေက သူတို့နေရာသတ်မှတ်ပြီး အနံ့ကျန်ဖို့ နေရာအသစ်တိုင်းမှာ အပေါ့အလေးသွားတာမျိုး လုပ်တတ်ကြပါတယ်။ ယုန်တွေကို သားကြောဖြတ်တာ၊ သင်းပေးတာက ဒီလိုလုပ်ခြင်းကို လျှော့ချပေးနိုင်ပြီး အပေါ့အလေး လေ့ကျင့်ပေးဖို့လည်း ပိုလွယ်ကူပါလိမ့်မယ်။
- အကယ်၍ အိမ်သာကို ရွှေ့ဖို့လိုအပ်တယ်ဆိုရင် နေရာအသစ်မှာ အိမ်သာအသုံးပြုမပြု စောင့်ကြည့်ပြီး အသုံးပြုဖို့ တိုက်တွန်းတာမျိုး ပြန်လုပ်ပေးဖို့ လိုပါလိမ့်မယ်။
ယုန်လေးတွေကို အပေ့ါအလေး လေ့ကျင့်ပေးရတာဟာ စိတ်ရှည်မှုနဲ့ အချိိန်တစ်ခုတော့ လိုပါလိမ့်မယ်။ ဒါပေမယ့်လည်း အပေါ်က အဆင့်တွေကို တစ်ခုချင်းလိုက်လုပ်ပြီး စိတ်ရှည်ရှည်ထားရင် မိမိယုန်လေးလည်း အိမ်သာကို အသုံးပြုတတ်လာမှာပါနော်။ ယုန်မွေးသူအားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။