ယုန်တွေမှာ အဖြစ်များတဲ့ ရောဂါ (၅) ခု
ယုန်တွေဟာ ပုံမှန်အားဖြင့် ကျန်းမာပြီး နာမကျန်းဖြစ်ဖို့ ခက်ခဲပေမယ့် တချို့ရောဂါတွေကြောင့် အသက်သေဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ အသံမထွက်တဲ့ တိလေးတွေ ဖြစ်တာကြောင့် ပိုင်ရှင်တွေအနေနဲ့ အဖြစ်များတတ်တဲ့ ရောဂါနဲ့ လက္ခဏာတွေကို ကြိုသိထားဖို့ အရေးကြီးတာမို့ တိချစ်သူတွေအတွက် ယုန်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတစ်ချို့ကို ဖော်ပြပေးလိုပါတယ်။
- အသက်ရှူလမ်းကြောင်းဆိုရင်ရာ ရောဂါ (Pasteurellosis)
ပတ်စတူရယ်လိုဆစ် လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါတစ်မျိုးဟာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ယုန်တစ်ကောင်ကနေ တစ်ကောင်ကူးစက်ဖို့ အရမ်းလွယ်ပြီး ကူးစက်ခံရတဲ့ တချို့ယုန်တွေမှာ နာတာရှည် အသက်ရှူလမ်းကြောင်း ပြဿနာတွေ ဖြစ်တတ်ပါတယ်။
လက္ခဏာများ
- နှာချေခြင်း၊ နှာယိုခြင်း
- မျက်ရည်ကျခြင်း
- အသက်ရှူရခက်ခြင်း
- ခေါင်းတစ်ဖက်ကို စောင်းခြင်း
ဘယ်လိုကာကွယ်ဖြေရှင်းမလဲ?
သန့်ရှင်းတဲ့ အိမ်နေရာ ပတ်ဝန်းကျင်နဲ့ စိတ်ဖိစီးမှု လျော့ကျအောင် လုပ်ပေးတာမျိုးနဲ့ ဖြစ်ဖို့ အခွင့်အလမ်း နည်းပါးအောင် လုပ်ဆောင်နိုင်ပါတယ်။ ဖြစ်လို့ရှိရင်တော့ ဆေးသောက်လို့ရပေမယ့် တချို့ယုန်တွေမှာ နာတာရှည်ဖြစ်နိုင်တာမို့ ကြိုတင်ကာကွယ်ပြီး ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးနိုင်ရင်တော့ အကောင်းဆုံးပါ။
- မိုင်ဆိုမတိုဆစ်
သန်းမွှား၊ ခြင်နဲ့ ပိုးရှိတဲ့ အခြားယုန်တွေကြောင့် ကူးစက်ခံရတဲ့ မိုင်ဆိုမတိုဆစ်ရောဂါဟာ ယုန်တွေကို သေတဲ့ထိ ဖြစ်စေနိုင်တဲ့ ပိုးတစ်ခုပါ။
လက္ခဏာများ
- မျက်စိ၊ မျက်နှာနဲ့ လိင်အင်္ဂါနေရာတစ်ဝိုက် ရောင်ရမ်းခြင်း
- မျက်ရည်၊ မျက်ဝတ်တွေ ထွက်ခြင်း
- အားမရှိဘဲ အစာမစားတော့ခြင်း
- အသက်ရှူမဝခြင်း
ဘယ်လိုကာကွယ်ဖြေရှင်းမလဲ?
သန်းမွှားတွေ မရှိအောင် ထိန်းသိမ်းတာ၊ ကာကွယ်ဆေးထိုးတာမျိုးနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဖြစ်ပြီဆိုရင် ကုသလို့မရတဲ့ ကြောက်စရာကောင်းတဲ့ ရောဂါမို့ ကြိုတင်ကာကွယ်ဖို့ အရမ်းအရေးကြီးပါတယ်။
- အစာအိမ်ဆိုင်ရာ ရောဂါ
ဂျီအိုင် စတတ်ဆစ် လို့ခေါ်တဲ့ အစာအိမ်ရောဂါတစ်မျိုးက ယုန်တွေရဲ့ အစာအိမ်စနစ်ကို နှေးကွေးစေပြီး နောက်ဆုံးမှာ လုံးဝရပ်တန့်သွားအောင် လုပ်ပစ်တဲ့ ရောဂါတစ်ခုပါ။ စိတ်ဖိစီးမှု၊ ရေဓာတ်ခမ်းခြောက်မှု၊ အမျှင်ဓာတ်အလုံအလောက် မရရှိမှု စတာတွေကြောင့် ဖြစ်နိုင်ပြီး စောစောသိပြီး မကုသရင် အသက်ကိုပါ အန္ဒရာယ်ပြုနိုင်ပါတယ်။
လက္ခဏာများ
- အစာမစားတော့ခြင်း
- ဝမ်းသွားနည်းခြင်း (သို့) လုံးဝမသွားတော့ခြင်း
- အားအင်မရှိခြင်း
- ဝမ်းဗိုက် ပျော့ခြင်း (သို့) ယောင်ယမ်းခြင်း
ဘယ်လိုကာကွယ်ဖြေရှင်းမလဲ?
အမျှင်ဓာတ်ကြွယ်ဝတဲ့ ယုန်တွေရဲ့ အဓိကအစာ “မြက်ခြောက်” (hay) ကျွေးပေးခြင်းက ဒီရောဂါကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါ။ ရေဓာတ်ပြည့်ဝပြီး ပုံမှန် လှုပ်ရှားမှုရှိဖို့လည်း အရေးကြီးပါတယ်။ လက္ခဏာတွေပြနေဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။
- သားအိမ်ကင်ဆာ
သားကြောဖြတ်ခြင်းဖြစ်တဲ့ သားအိမ်မထုတ်ထားတဲ့ ယုန်အမတွေမှာ အဖြစ်များတတ်တဲ့ ရောဂါတစ်ခုပါ။ အသက်သုံးနှစ်ပြည့်တာနဲ့ ဒီရောဂါဖြစ်နိုင်ခြေ ပိုမြင့်တက်လာပြီး မကုသဘဲ ထားလို့ရှိရင် အခြားအစိတ်အပိုင်းတွေကိုပါ ကူးစက်နိုင်ပါတယ်။
လက္ခဏာများ
- လိင်အင်္ဂါမှ သွေးဆင်းခြင်း
- အစာမစားတော့ဘဲ ကိုယ်အလေးချိန်ကျလာခြင်း
- အားနည်းခြင်း
- ဝမ်းဗိုက် ရောင်ရမ်းခြင်း
ဘယ်လိုကာကွယ်ဖြေရှင်းမလဲ?
ယုန်အမတွေကို အသက် (၆) လဝန်းကျင်မှာ သားကြောဖြတ်ပေးခြင်းဟာ ဒီရောဂါကို ကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းပါ။ သားအိမ်ကင်ဆာဖြစ်လို့ စောစောသိတယ်ဆိုရင် ခွဲစိတ်ကုသလို့ ရနိုင်ပေမယ့် ကာကွယ်ခြင်းက ပိုမိုလွယ်ကူပြီး ထိရောက်ပါတယ်။
- နားရွက်မွှားစွဲခြင်း
နားရွက်မွှားစွဲပြီး ပိုးဝင်တာက ယုန်တွေမှာ အဖြစ်များပြီး မွှားတွေကြောင့် နားအတွင်းပိုင်းထဲထိ ယားယံခြင်းကို ဖြစ်စေပါတယ်။ မကုသဘဲ ထားရင် ပိုးဝင်နိုင်တာမို့ လက္ခဏာတွေကို အနီးကပ်စောင့်ကြည့်ဖို့ လိုပါတယ်။
လက္ခဏာများ
- နားရွက်ကို သာမန်ထက် ပိုကုတ်ခြင်း
- နားရွက်အတွင်းပိုင်းမှာ အဖတ်တွေရှိခြင်း
- ခေါင်း ခဏခဏခါရမ်းခြင်း
- နားရွက်ကို အထိမခံခြင်း
ဘယ်လိုကာကွယ်ဖြေရှင်းမလဲ?
ပုံမှန်သန့်ရှင်းရေးလုပ်ပေးတာ၊ နားရွက်ကို ပုံမှန်စစ်ဆေးပေးတာမျိုးနဲ့ မွှားမစွဲအောင် ကာကွယ်နိုင်ပါတယ်။ သူတို့နေထိုင်တဲ့နေရာနဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားပေးဖို့ အရေးကြီးပြီး အကယ်၍ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသပြီး ပိုးသတ်ဆေး တိုက်ပေးဖို့လိုပါတယ်။