ယုန်တစ်ကောင်ကို နည်းလမ်းကျကျ ဘယ်လိုချီရမလဲ?
ယုန်လေးတွေကို ချစ်လို့ ချီချင်ပေမယ့် သူတို့လန့်သွားမှာ စိုးတာကြောင့် ဘယ်လိုချီရမလဲ မသိတဲ့ တိချစ်သူတွေ ရှိကြမယ်ထင်ပါတယ်။ ယုန်တွေက သတိကြီးပြီး ကြောက်လန့်လွယ်တဲ့ တိလေးတွေဖြစ်တဲ့ အလျောက် ချီတဲ့အခါ ဂရုတစိုက်ရှိသင့်တာတော့ အမှန်ပါ။ ချီတာလွဲတဲ့အခါ သူတို့အတွက် ဖိစီးမှုနဲ့ အနာတရဖြစ်စေတာမျိုး ဖြစ်နိုင်တဲ့အတွက် ယုန်တွေကို ချီတဲ့အခါ သတိထားရမယ့် အချက်လေးတွေကို တိချစ်သူတွေအတွက် ဖော်ပြပေးချင်ပါတယ်။
- ယုန်တွေက သားကောင်အမျိုးအစား တိလေးတွေဖြစ်တဲ့အလျောက် သတိကြီးကြပါတယ်။ သူတို့ကို ရုတ်တရက်ကြီး ချဥ်းကပ်တဲ့အခါ လန့်ပြီး ထွက်ပြေးတတ်ကြတဲ့အတွက် မချီခင်မှာ သူတို့ဆီကနေ ယုံကြည်မှုရအောင် အရင်လုပ်စေချင်ပါတယ်။
- စကားပြောပေးတာ၊ မုန့်ကျွေးတာ၊ လိုက်တာမျိုးမလုပ်ဘဲ တစ်နေရာမှာ ထိုင်နေပြီး ကိုယ့်ဆီလာအောင်လုပ်တာ၊ ညင်ညင်သာသာလေး သပ်ပေးတာမျိုးနဲ့ ယုံကြည်မှုရအောင် လုပ်ဆောင်နိုင်ပါတယ်။
- မချီခင်မှာ လက်ကနေ အနံ့ပြင်းပြင်းတွေထွက်မနေအောင် အရင်ဆေးကြောသင့်ပါတယ်။ ယုန်တွေက အသားနံ့လိုမျိုး အနံ့တွေ ရရင် မကြိုက်ဘဲ ရုန်းနိုင်တာကြောင့် မချီခင် ကိုယ့်လက်ကို သေချာစစ်ဆေးပါ။
- သူတို့ယုံကြည်မှုကိုလည်းရပြီ၊ ယုန်က ကိုယ့်ရှေ့မှာလည်း ရှိနေပြီဆိုရင် မချီခင်မှာ ခေါင်းကနေပြီး ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း သပ်ပေးပြီး စကားညင်ညင်သာသာပြောပေးပါ။
- လက်တစ်ဖက်ကို ရှေ့ခြေထောက်ရဲ့အနောက်နား ရင်ဘတ်အောက်မှာ ထားပါ။ ဒီလိုလုပ်ခြင်းက ချီတဲ့အခါ ငြိမ်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။
- အခြားလက်တစ်ဖက်နဲ့ တင်ပါးဆုံရိုးနားကနေ မယူပေးပါ။ ယုန်တွေက ချီတဲ့အခါ ကန်တတ်တာကြောင့် ဖို့ ဒီလိုချီခြင်းအားဖြင့် ကျောရိုးအနာတရ မဖြစ်စေမှာဖြစ်ပါတယ်။
- ဒီလိုမျိုး အနေအထားနဲ့ ကောင်းကောင်းကိုင်ထားပြီး မိမိရဲ့ ရင်ဘတ်နားကို ပွေ့ချီပေးပါ။ ဒီလိုလုပ်ခြင်းက သူတို့ရဲ့ ယုံကြည်မှုရဖို့ ပိုအထောက်အကူ ဖြစ်စေပြီး မရုန်းစေဖို့ အကူအညီပေးပါတယ်။
- ချီပြီးလို့ ပြန်ချတဲ့အခါ ယုန်ခြေထောက်ကို အောက်ချမယ့်အနေအထားနဲ့ ဖြည်းဖြည်းချင်းအောက်ကိုချပေးပါ။ အောက်ကို ရောက်တဲ့အခါ ယုန်ခြေထောက်ကို မြေကြီးနဲ့ ထိခိုင်းပြီး လက်ထဲကနေ ညင်ညင်သာသာပဲ သူတို့ဘာသာ ပေးထွက်လိုက်ပါ။ ဒီလိုလုပ်ခြင်းက ထွက်ဖို့ ရွေးချယ်မှုက သူတို့လက်ထဲမှာ ရှိတယ်လို့ ထင်စေပြီး ယုန်တွေရဲ့ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
အခြားသတိထားသင့်တဲ့ အချက်တချို့ကတော့
- ယုန်ချီတဲ့အခါ အတင်းကြီး ကျပ်နေအောင် မချီသင့်ဘဲ ညင်သာပြီး ခိုင်မာတဲ့ ကိုင်ခြင်းမျိုးနဲ့ပဲ ချီသင့်ပါတယ်။
- ယုန်တွေကို ဘယ်တော့မှ နားရွက်ကနေ မကိုင်သင့်ပါဘူး။ နားရွက်က အရမ်းနူးညံ့တဲ့အတွက် သူတို့အတွက် အရမ်းနာစေပြီး ဒဏ်ရာအနာတရလည်း ဖြစ်နိုင်ပါတယ်။
- ချီနေတုန်း ကန်တာ၊ ဆင်းချင်တဲ့ ပုံစံပြတာမျိုးဆိုရင် အပေါ်မှာ ဖော်ပြခဲ့သလို ဖြည်းဖြည်းချင်းချပေးလိုက်ပါ။ အတင်းကြီး ချီထားတဲ့အခါ နောက်တစ်ခါ ချီဖို့လုပ်ရင် ယုံကြည်မှုမရှိတော့တာ၊ ယုန်ကို စိတ်ဖိစီးစေတာတွေ ဖြစ်နိုင်ပါတယ်။
- တစ်ခါချီပြီးသွားတိုင်း မုန့်လေးတွေကျွေးပေးတာကလည်း ယုန်တွေကို ချီတာနဲ့ မုန့်နဲ့ တွဲသိစေပြီး သူတို့အတွက်လည်း ပျော်ဖို့ကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်စေပါတယ်။ ဒါ့ကြောင့် ချီပြီးတိုင်းမှာ မုန့်ကျွေးပြီး ဆုချဖို့ကိုလည်း မမေ့စေချင်ပါဘူး။
ယုန်လေးတွေက နူးညံ့တဲ့ တိလေးတွေဖြစ်တာကြောင့် မွေးတဲ့အခါ (သို့) ချီတဲ့အခါ အစစအရာရာ ဂရုစိုက်ရပါတယ်။ သူတို့နဲ့ ရင်းနှီးမှုတည်ဆောက်ရာမှာ ချီပေးတာကလည်း လိုအပ်တဲ့အတွက် အပေါ်ကအချက်လေးတွေကို စိတ်ရှည်ရှည်နဲ့ သေချာလိုက်လုပ်စေချင်ပါတယ်နော်။ ဒါပေမယ့်လည်း ယုန်လေးတွေက မျိုးစိတ်အလိုက် တစ်ကောင်နဲ့ တစ်ကောင်မတူကြတာမို့ သူတို့ပုံစံအတိုင်း လိုအပ်သလို ချဥ်းကပ်ဖို့ကိုလည်း အကြံပြုချင်ပါတယ်။